
ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ်မာဒူရိုကို အမေရိကန်တရားရုံးမှာ စစ်ဆေးဖို့ အတင်းအဓမ္မ ဖမ်းခေါ်လာလိုက်တာဟာ နိုင်ငံတကာဥပဒေကြီး သေဆုံးသွားပြီဆိုတာကို ပြသလိုက်တာတော့ မဟုတ်ပါဘူး။ တကယ်တမ်းကျတော့ "အင်အားကြီးသူသာ အနိုင်ရစတမ်း" ဆိုတဲ့ ဒီကမ္ဘာကြီးမှာ ကျောထောက်နောက်ခံပေးမဲ့ အင်အားမရှိရင် ဥပဒေဆိုတာ ဘာအဓိပ္ပာယ်မှ မရှိဘူးဆိုတာကို မီးမောင်းထိုးပြလိုက်တာပါပဲ။ သမ္မတ ဒေါ်နယ်ထရမ့်ပ်ကတော့ အမေရိကန်ရဲ့ အင်အားအစစ်အမှန်ကို ပြဖို့ ဘာမဆိုလုပ်ပါလိမ့်မယ်။
“မာဒူရိုအတွက်တော့ ဘယ်သူမှ မျက်ရည်ကျနေမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ထရမ့်ပ်အနေနဲ့ တခြားနိုင်ငံတခုကို ခွင့်ပြုချက်မယူဘဲ ဝင်စီးလို့ရတယ်၊ သမ္မတတယောက်ကို ဖမ်းခေါ်လာလို့ ရတယ်ဆိုရင်တော့ ကန့်သတ်ချက်စည်းမျဉ်းတွေ ရှိပါသေးရဲ့လားလို့ မေးခွန်းထုတ်စရာ ဖြစ်လာပါပြီ” လို့ သုတေသနပညာရှင် နိုအာဘာကင်က ဆိုပါတယ်။
“ဒါဟာ ကမ္ဘာတလွှားက အာဏာရှင်တွေအတွက် နိုင်ငံတကာဥပဒေကို ဂရုမစိုက်ဘဲ အင်အားသုံးချင်တိုင်း သုံးလို့ရတယ်ဆိုတဲ့ မီးစိမ်းပြလိုက်သလို ဖြစ်သွားစေနိုင်ပါတယ်”လို့ သူက သုံးသပ်ပါတယ်။
တခြားအင်အားကြီးနိုင်ငံတွေကလည်း နိုင်ငံတကာဥပဒေဆိုတာကို ပါးစပ်ဖျားမှာပဲထားပြီး လက်တွေ့မှာတော့ ကိုယ်ထင်ရာကိုယ် လုပ်နေကြတာပါပဲ။ ရုရှားက ယူကရိန်းကို ကျူးကျော်တာမျိုး၊ တရုတ်က တောင်တရုတ်ပင်လယ်မှာ အိမ်နီးချင်းတွေကို အနိုင်ကျင့်ပြီး ပိုင်နက်တွေ တိုးချဲ့နေတာမျိုးတွေ ရှိနေတာပါ။ ပေကျင်း ကဆိုရင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ထိုင်ဝမ်ကျွန်းကို သိမ်းပိုက်မယ်လို့ ခြိမ်းခြောက်ရာမှာ ဒါဟာ ပြည်တွင်းရေးသာဖြစ်တယ်ဆိုပြီး အကြောင်းပြနေပါတယ်။
အမေရိကန်ပြည်တွင်းမှာ လူအသေအပျောက်များနေတဲ့ မူးယစ်ဆေးပြဿနာနဲ့ပတ်သက်ပြီး “မူးယစ်အကြမ်းဖက်မှု” ခေါင်းစဉ်တပ် စွဲချက်တင်လိုက်တာဟာ နိုင်ငံတကာဥပဒေကြောင်းအရ တရားဝင်မှု ရှိ မရှိ ဆိုတဲ့ မေးခွန်းတွေကို ရှောင်ကွင်းလိုက်တာပါပဲ။ “ကျနော်တို့နိုင်ငံသားတွေကို ပြည်တွင်း၊ ပြည်ပရန် အားလုံးကနေ ကာကွယ်သွားမှာပါ” လို့ စနေနေ့မှာ ထရမ့်ပ်က ပြောကြားခဲ့ပါတယ်။
တရုတ်ရဲ့ ရှုတ်ချမှု
ကမ္ဘာ့ခေါင်းဆောင်တွေ တုန်လှုပ်သွားကြတဲ့အချိန်မှာ တရုတ်ကတော့ နိုင်ငံတကာဥပဒေကို ကိုးကားပြီး ချက်ချင်းပဲ ဝေဖန်ရှုတ်ချပါတယ်။ “အမေရိကန်ရဲ့ ဒီလို ဗိုလ်ကျစိုးမိုးတဲ့ လုပ်ရပ်တွေဟာ နိုင်ငံတကာဥပဒေနဲ့ ဗင်နီဇွဲလားရဲ့ အချုပ်အခြာအာဏာကို ဆိုးဆိုးရွားရွား ချိုးဖောက်တာ” လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။
ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနကတော့ နိုင်ငံတကာဥပဒေကို ထည့်မပြောပေမဲ့ ဒီတိုက်ခိုက်မှုကို “လက်နက်ကိုင် ကျူးကျော်မှုတရပ်” အဖြစ် ရှုတ်ချခဲ့ပါတယ်။
ဥရောပသမဂ္ဂ (EU) ရဲ့ နိုင်ငံခြားရေးရာ ကိုယ်စားလှယ် ကာယာကာလပ်စ်ရဲ့ တုံ့ပြန်ပုံကတော့ ဒွိဟပွားစရာဖြစ်နေပါတယ်။
“ဘယ်လိုအခြေအနေမျိုးမှာမဆို နိုင်ငံတကာဥပဒေမူဘောင်တွေနဲ့ ကုလသမဂ္ဂပဋိညာဉ်ကို လေးစားလိုက်နာရမယ်”လို့ ပြောပေမဲ့ အမေရိကန်က လေးစားလိုက်နာမှု ရှိ မရှိ ကိုတော့ ရှင်းရှင်းလင်းလင်း မပြောပါဘူး။ ဒါ့အပြင် မာဒူရိုမှာ “တရားဝင်မှု မရှိဘူး” လို့လည်း သူက ထပ်လောင်းပြောကြားခဲ့ပါသေးတယ်။
ဒါပေမဲ့ ထရမ့်ပ် လက်ထက်မတိုင်ခင် ကတည်းက ပဋိပက္ခတွေနဲ့ပတ်သက်ရင် အမေရိကန်နဲ့ မဟာမိတ်တွေရဲ့ လုပ်ရပ်တွေဟာ နိုင်ငံတကာဥပဒေရဲ့ ခိုင်မာမှုကို စိန်ခေါ်ခဲ့ပြီးသားပါ။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ခွင့်ပြုချက်မပါဘဲ ၂၀၀၃ ခုနှစ်က အီရတ်ကို ကျူးကျော်ခဲ့တာမျိုးပေါ့။ အဲဒီမတိုင်ခင် ၁၉၉၉ ခုနှစ်တုန်းကလည်း ကိုဆိုဗိုဒေသက အယ်လ်ဘေးနီးယားလူမျိုးတွေကို ကာကွယ်ဖို့ဆိုတဲ့ခေါင်းစဉ်နဲ့ နေတိုး (NATO) အဖွဲ့က ဆားဘီးယားကို ဗုံးကြဲခဲ့ပါသေးတယ်။ အဲဒီတုန်းက လွတ်လပ်သော နိုင်ငံတကာကော်မရှင်တခုက ဒီလေကြောင်းတိုက်ခိုက်မှုတွေဟာ “ဥပဒေနဲ့မညီပေမဲ့ တရားဝင်မှုရှိတယ်” လို့ ကောက်ချက်ချခဲ့ပါတယ်။
၂၀၂၂ ခုနှစ်မှာ ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ယူကရိန်းကို ကျူးကျော်ဝင်ရောက်တဲ့အခါ ဒီဖြစ်ရပ်တွေကိုပဲ ပြန်ပြီး ကိုးကားအကြောင်းပြခဲ့တာပါ။
အင်အားကြီးနိုင်ငံတွေရဲ့ ဆက်ဆံရေးဆိုတာ အမှန်နဲ့ အမှားထက် အင်အားပြိုင်ဆိုင်မှုအပေါ်မှာပဲ အမြဲမူတည်ခဲ့တာပါ။ စစ်အေးကာလမှာ ဆိုဗီယက်ယူနီယံကို အနိုင်ရပြီးတဲ့နောက်ပိုင်း အမေရိကန်နဲ့ မဟာမိတ်ခေါင်းဆောင်တွေဟာ သူတို့ဘက်က အင်အားပိုကြီးလို့ နိုင်ငံတကာဥပဒေကို စိတ်ကြိုက်ပြဋ္ဌာန်းနိုင်ခွင့် ရခဲ့တာပါ။ ဒါကို မေ့လျော့ပြီး၊ သူတို့ “အမှန်တရားဘက်က ရပ်တည်ခဲ့လို့” အနိုင်ရတာပါဆိုပြီး မှားယွင်းစွာ ယူဆလေ့ရှိကြပါတယ်။
အမေရိကန်ရဲ့ ဟန့်တားနိုင်စွမ်း (American Deterrence)
“ဒါဟာ အခြေခံအားဖြင့်တော့ အမေရိကန်ရဲ့ ဟန့်တားနိုင်စွမ်းကို ပြသလိုက်တာပါပဲ။ ပူတင်၊ ရှီကျင့်ဖျင်နဲ့ ခါမေနီတို့ ပူးပေါင်းပြီး အင်အားချဲ့ထွင်ဖို့ ကြိုးစားနေတဲ့အချိန်မျိုးမှာ ယုံကြည်စိတ်ချရတဲ့ အမျိုးသားလုံခြုံရေး မဟာဗျူဟာတရပ် ရှိဖို့လိုပါတယ်” လို့ Hudson Institute က သုတေသီတစ်ဦးက Newsweek ကို ပြောပါတယ်။
“မာဒူရိုဟာ သူ့ပြည်သူတွေအတွက်တင် မကပါဘူး၊ ဒေသတွင်းတည်ငြိမ်ရေးနဲ့ အမေရိကန်ရဲ့ အကျိုးစီးပွားကိုပါ ခြိမ်းခြောက်နေတာပါ။ ဒုက္ခသည်တွေ အများကြီးဖြစ်လာစေတယ်၊ မူးယစ်ဆေးဝါး ကွန်ရက်တွေကို အားပေးတယ်၊ ရာဇဝတ်ဂိုဏ်းတွေကို အားကောင်းစေတယ်။ ဒီလိုအစိုးရမျိုးက သတိပေးစကားတွေ၊ ဖိအားပေးတာတွေကို ဂရုစိုက်မှာ မဟုတ်ပါဘူး။ ဒီကိစ္စမှာတော့ အမေရိကန်ရဲ့ လုပ်ရပ်က ဆယ်စုနှစ်များစွာ ပျောက်ဆုံးနေတဲ့ ဟန့်တားနိုင်စွမ်းကို ပြန်ပြီး အားဖြည့်ပေးလိုက်တာပါပဲ။”
မာဒူရိုကို အရေးယူလိုက်တာဟာ ထရမ့်ပ်ရဲ့ မကြာသေးခင်က ထုတ်ပြန်ခဲ့တဲ့ အမျိုးသားလုံခြုံရေး မဟာဗျူဟာ ဘယ်လောက်အရေးပါတယ်ဆိုတာကို ပြသလိုက်တာပါပဲ။ အထူးသဖြင့် ၁၉ ရာစုက မွန်ရိုးဝါဒကို ပြန်အသက်သွင်းပြီး အမေရိကတိုက်အတွင်း ပြည်ပဩဇာလွှမ်းမိုးမှုကို ကန့်သတ်မယ်ဆိုတဲ့ "Trump Corollary" မူဝါဒကို အကောင်အထည်ဖော်လိုက်တာ ဖြစ်ပါတယ်။ မာဒူရိုဟာ သောကြာနေ့တုန်းကမှ တရုတ်ကိုယ်စားလှယ်အဖွဲ့ကို လက်ခံတွေ့ဆုံခဲ့ပါသေးတယ်။
ဒီကိစ္စရဲ့ ဂယက်က အမေရိကတိုက်တခုတည်းမှာ ရပ်တန့်သွားမှာ မဟုတ်ပါဘူး။ မာဒူရိုကို ဖယ်ရှားလိုက်ခြင်းအားဖြင့် အီရန်ခေါင်းဆောင်တွေသာ ဆန္ဒပြပွဲတွေကို အကြမ်းဖက်နှိမ်နင်းမယ်ဆိုရင် အရေးယူမယ်ဆိုတဲ့ ထရမ့်ပ်ရဲ့ ခြိမ်းခြောက်မှုက ပိုပြီး အလေးချိန်စီးသွားပါပြီ။ မာဒူရို အဖမ်းခံရတာက ရုရှားကိုလည်း သတင်းစကားပါးလိုက်သလိုပါပဲ။ ယူကရိန်းစစ်ပွဲနဲ့ ပတ်သက်ပြီး ထရမ့်ပ် သင့်တော်တယ်ထင်တဲ့ သဘောတူညီချက်တခုခုကို မဖြစ်မနေ လက်ခံရမယ်ဆိုတဲ့ သဘောမျိုးပေါ့။
နောက်ထပ် အဓိက ပဋိပက္ခဖြစ်နိုင်တဲ့ နေရာကတော့ ထိုင်ဝမ်ပါ။ တဖက်ကကြည့်ရင် မာဒူရိုကို ဝင်ဖမ်းတာဟာ တရုတ်အတွက် ထိုင်ဝမ်ကို တဖက်သတ် ဝင်သိမ်းဖို့ နမူနာပြလိုက်သလို ဖြစ်သွားနိုင်တယ်လို့ တချို့က သုံးသပ်ကြပါတယ်။ တခြားတဖက်က ကြည့်ပြန်ရင်လည်း ဒီစစ်ဆင်ရေးဟာ ထရမ့်ပ်ရဲ့ “ခန့်မှန်းရခက်တဲ့ ပုံစံကို ထပ်ပြလိုက်တာမို့ တရုတ်အနေနဲ့ အချိန်စောင့်ကြည့်ဖို့ ပိုပြီး သတိထားသွားနိုင်ပါတယ်။
“ထရမ့်ပ်၊ ရှီကျင့်ဖျင်နဲ့ ပူတင်... ဒီသုံးယောက်လုံးက အင်အားသည်သာ အမှန်တရားလို့ ယုံကြည်ကြတဲ့ အာဏာရှင်ဆန်သူတွေပါ” လို့ ဘာကင်က Newsweek ကို ပြောပါတယ်။
“သုံးယောက်လုံးက သူတို့လိုချင်တာရဖို့ အင်အားသုံးဖို့၊ အကျပ်ကိုင်ဖို့ ဝန်မလေးကြသူတွေပါ။ ဒီလိုအခြေအနေမျိုးမှာ နိုင်ငံတကာဥပဒေကို လေးစားလိုက်နာမှုဆိုတာ တဖြည်းဖြည်း လှိုက်စားခံနေရပါပြီ။ အမေရိကန်ဟာ ဆယ်စုနှစ်များစွာ ဒီစံနှုန်းတွေကို မပြည့်မစုံနဲ့ ထိန်းသိမ်းခဲ့ရာကနေ အခုတော့ ကိုယ်တိုင်ကိုယ်ကျ ဖျက်ဆီးတဲ့အဆင့်ကိုရောက်နေပြီ ဖြစ်ပါတယ်” လို့ သူက နိဂုံးချုပ် ပြောကြားခဲ့ပါတယ်။
မက်သရူး တော့စ်တီဗင်
Ref: Newsweek


