ကရင်ပြည်နယ်၊ မြဝတီမြို့နယ်မှာ ၇၈ နှစ်မြောက် ကရင့်လွတ်လပ်ရေးနေ့ကို ဇန်နဝါရီ ၅ ရက် ဒီနေ့မနက်မှာ ပြုလုပ်ခဲ့တယ်လို့ ကော်သူးလေတပ်မတော် (KTLA) ကနေ သိရပါတယ်။
စစ်ကောင်စီတပ်စခန်းတခုကနေ အရှင်ဖမ်းဆီးရမိခဲ့တဲ့ စစ်သုံ့ပန်း ၁၅ ယောက်ကိုလည်း နိုင်ငံတကာ စစ်ဘက်ဆိုင်ရာကျင့်ဝတ်တွေနဲ့ ဂျီနီဗာကွန်ဗေးရှင်းပါ စစ်သုံ့ပန်းဥပဒေနဲ့အညီ ဒီနေ့ ပြန်လည်လွှတ်ပေးခဲ့တယ်လို့ KTLA သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။
ကရင်ပြည်နယ် ရွှေအေးမြိုင်မှာရှိတဲ့ စစ်ကောင်စီကာကင်းတပ်စခန်းကနေ ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၂၈ ရက်တုန်းက ဖမ်းဆီးရမိထားတဲ့ တပ်ကြပ်ကြီးသန်းချေ အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ယောက်ကို လူသားချင်း ကိုယ်ချင်းစာနာတာနဲ့အနေနဲ့ ပြန်လည်လွှတ်ပေးခဲ့တာလို့ ဆိုပါတယ်။
ကရင့်လွတ်လပ်ရေးနေ့အခမ်းအနားမှာ KTLA တပ်ဖွဲ့ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ် နယ်ဒါးမြက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး တပ်ဖွဲ့ဝင်တွေက စစ်ရေးပြအခမ်းအနား ပြုလုပ်ခဲ့ပါတယ်။






