
ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်မှာ ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေး တပ်မတော်၊ ဗဟိုစစ်ဦး၊ တပ်ရင်းအမှတ် ၆၂၆၊ တပ်ခွဲ ၃ မှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲဘော် မားရ်ကို (ခ) မောင်ပို ကျဆုံးခဲ့တယ်လို့ တပ်ရင်းက ဇန်နဝါရီ ၂ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
ရဲဘော်မားရ်ကို (ခ) မောင်ပိုဟာ စစ်ကောင်စီတပ်ကို တော်လှန်ရင်း ဒီဇင်ဘာ ၃၀ ရက်နေ့က ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးရှေ့တန်းတနေရာမှာ ကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။
တပ်ရင်းရဲ့ ပြန်ကြားရေးတာဝန်ရှိသူက “တော်လှန်ရေးထဲမှာတော့ သိပ်ကိုအားကိုးအားထားရပြီး မည်သူ့အပေါ်မှာမှ မတရားမလုပ်ခဲ့ဘူး၊ ခပ်အေးအေးလေးထဲမှာပါတယ်။ လူငယ်ဖြစ်ပြီး လူငယ်လို မနေရတဲ့ လူငယ်တွေလိုပါပဲ” လို့ ပြောပါတယ်။
ရဲဘော်မားရ်ကို (ခ) မောင်ပိုရဲ့ ပေးဆပ်စွန့်လွှတ်မှုအတွက် မိသားစုဝင်တွေနည်းတူ ဝမ်းနည်းကြေကွဲရတယ် လို့ ဆိုပါတယ်။
တပ်ရင်းအနေနဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရင်း ကျဆုံးခဲ့ရတဲ့ အာဇာနည်သူရဲကောင်းတွေကို ထာဝရ လေးစားဂုဏ်ယူအမှတ်ရပြီး တော်လှန်ရေးဆုံးခန်းတိုင်တဲ့အထိ ပြည်သူလူထုအပေါ် သစ္စာရှိသွားမယ် လို့လည်းပြောပါတယ်။
စစ်ကောင်စီတပ်က ကရင်နီပြည်နယ်ထဲကို ပြီးခဲ့တဲ့နှစ်ကတည်းက စစ်ကြောင်းထိုးနေတာကြောင့် တော်လှန်ရေးအင်အားစုတွေနဲ့ ထိတွေ့တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေတာပါ။


