
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်မှာရှိတဲ့ စစ်ဘေးရှောင်ပြည်သူတွေနဲ့ ကလေးငယ်တွေမှာ ပါးချိတ်ရောင်ရောဂါ အဖြစ်များနေတယ်လို့ ဆေးကုသပေးနေသူတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ နှစ်ပတ်လောက်ကစလို့ ဖြစ်ပွားတာဖြစ်ပြီး အခုလက်ရှိအချိန်အထိလည်း ပါးချိတ်ရောင်ရောဂါ ကူးစက်ဖြစ်ပွားသူတွေ ရှိနေတာပါ။
အဲဒီစခန်းတွေမှာ ဆေးကုသပေးနေသူ ဒေါက်တာ မျိူးမင်းဦးက “ကျောင်းကျန်းမာရေးသွားတဲ့အခါ ကလေးတွေ တော်တော်များများ ကူးစက်ခံနေရတယ်။ နောက်တခုက စစ်ရှောင်စခန်းတွေမှာ လူကျပ်ကျပ်သပ်သပ် နေရတဲ့ နေရာတွေမှာလည်း ဖြစ်နေတယ်။ တချို့ကျတော့ စစ်ရှောင်တယောက်က ဆေးခန်းလာပြရင် အိမ်မှာကျန်တဲ့သူလည်း ဖြစ်နေကြတယ်၊ အရမ်းမပြင်းထန်လို့ မလာတာ။ ဖြစ်တာက တော်တော်များပြီ” လို့ ပြောပါတယ်။
ပါးချိတ်ရောင်ရောဂါဟာ လူတယောက်ကနေတယောက်ကို တံတွေး၊ နှာရည်၊ လက်ပွန်းတတီးနေတာတို့ကနေ ကူးစက်တာကြောင့် စစ်ရှောင်စခန်းလို့ လူအများစုနေကြရတာက ကူးစက်နိုင်ခြေပိုများနေတာပါ။
ဗိုင်းရပ်စ်ပိုးကြောင့် ကူးစက်မှုနှုန်းမြင့်မားတဲ့အတွက် ကာကွယ်ဆေးထိုးတာက ပိုမိုသင့်တော်တယ်လို့ ဆရာဝန်တွေက ပြောပါတယ်။
ပါးချိတ်ရောင်ရောဂါရဲ့ လက္ခဏာတွေကတော့ လည်ပင်းအရှေ့နဲ့ နားတဝိုက်နာတာ၊ အစားဝါးမြိုတဲ့အခါ မသက်မသာခံစားရတာ၊ အမျိုးသားတွေမှာ ဝှေးစေ့ရောင်တာ နာကျင်ခံစားရတာ၊ ဖျားတာ၊ ခေါင်းကိုက်တာ၊ ကြွက်သားနာတာ၊ မောပန်းတာနဲ့ အစားအသောက်ပျက်တာ စတာတွေခံစားရတတ်တယ်လို့ ပြောပါတယ်။
ပါးချိတ်ရောင်ရောဂါအတွက် ပျောက်ကင်းအောင်ကုသနိုင်တဲ့ဆေး မရှိသေးတာကြောင့် သက်သာစေဖို့ ဆေးရုံ ဆေးခန်းပြတာ၊ လက်ဆေးပြီး Mask တပ်တာ၊ ရေများများသောက်တာ၊ အစာပူပူနွေးနွေးစားတာ၊ ရောင်တဲ့နေရာကို ရေနွေး ဒါမှမဟုတ် ရေခဲကပ်တာ၊ အိပ်ရေးဝအောင်အိပ်ပြီး အနားယူတာတွေ လုပ်နိုင်တယ်လို့ သိရပါတယ်။
ဒီးမော့ဆိုမှာ စစ်ဘေးရှောင်ပြည်သူ အယောက် ၁၀၀ ကျော်ကနေ ၅၀၀ ကျော်အထိ နေထိုင်ကြတဲ့ စခန်းပေါင်း ၅၀ လောက်ရှိနေပြီး စခန်းတခုရဲ့ သုံးပုံတပုံလောက်က ကလေးတွေဖြစ်လို့ ကူးစက်ဖို့လွယ်တယ်လို့ သိရပါတယ်။


