
ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်မှာ စစ်ရှောင်နေကြတဲ့ ပြည်သူတွေအတွက် ဆောင်းတွင်းကာလ ရာသီဥတုအေးလာတာကြောင့် အနွေးထည်နဲ့ စောင်တွေ လိုအပ်နေတယ်လို့ စစ်ရှောင်တွေကို ကူညီပေးသူတွေက ပြောပါတယ်။
ဒီးမော့ဆိုမှာ ခုလက်ရှိ ရာသီဥတုက အပူချိန် ၁၁ ဒီဂရီစင်တီဂရိတ်ကနေ ၁၇ ဒီဂရီစင်တီဂရိတ်ကြားမှာ ရှိနေပြီး အေးတာကြောင့် စစ်ရှောင်တွေအတွက် စောင်တွေ လိုအပ်နေတယ်လို့ ပြောပါတယ်။
စစ်ရှောင်အရေး ကူညီပေးသူတယောက်က “စစ်ရှောင်တွေရော ရဲဘော်တွေရော အနွေးထည်၊ ဦးထုပ်၊ ခြေအိတ်၊ စောင်တွေလိုမှာ။ မနေ့ညက လုံးဝနေလို့မရလို့ ခြေအိတ်စွပ်ပြီး စောင်ထဲ ကွေးနေရတာ၊ စောင်အပါး ၂ ထပ်လောက်ဆို အရင်က ရတယ်။ အခုက ၃ ထပ်ခြုံရင်တောင် တုန်နေတာ၊ အေးစိမ့် အေးစက်နေတာပဲ"လို့ ပြောပါတယ်။
ဒီးမော့ဆို အနောက်ဘက်ခြမ်းမှာ စစ်ရှောင်စခန်းပေါင်း ၁၀၀ ကျော်အထိရှိနေပြီး စစ်ရှောင်စခန်း တခုကို လူဦးရေ ၁၃၀ ကျော်ကနေ ၅၀၀ ကနေ ၁,၀၀၀ ကျော်တဲ့ စစ်ရှောင်စခန်းတွေလည်း ရှိတယ်လို့ သိရပါတယ်။
ဒီးမော့ဆိုမှာ စစ်ဘေးရှောင်ပြည်သူ ၁ သိန်းကျော်ရှိနေပြီး စစ်ရှောင်ကာလ ၄ နှစ်ကျော်လာတဲ့အတွက် စားနပ်ရိက္ခာနဲ့ အနွေးထည်၊ စောင်တွေလိုအပ်နေပြီး အလှူရှင်က နည်းပါးလာတာပဲ ဖြစ်ပါတယ်။
ဒါ့အပြင် ဒီးမော့ဆိုမြို့နယ် နေရာတချို့ကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေတာကြောင့် စစ်ရှောင်နဲ့ ဒေသခံတွေ နေရာထပ်ရွှေ့ပြောင်းနေရတာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။


