Home
မြန်မာသတင်း
ရေဘေးသင့်ထိုင်းတောင်ပိုင်း၌ မြန်မာလုပ်သားများ အရေးပေါ် အကူအညီလိုအပ်နေ (ဓာတ်ပုံ)  
DVB
·
November 26, 2025
Photo: Reuters
Photo: Reuters
Photo: Reuters
Photo: Reuters
Photo: Reuters
Photo: Reuters
Photo: Reuters
Photo: Reuters
Photo: Reuters
Photo: Reuters

လတ်တ‌လော ထိုင်းတောင်ပိုင်းခရိုင် ၉ ခုမှာ ရေကြီးရေလျှံ သဘာဝ‌ဘေးအန္တရာယ် ကျရောက်နေပြီး လူပေါင်း ၂ သန်းကျော် ရေဘေးသင့်နေကာ အဲဒီထဲက မြန်မာ ရွှေ့ပြောင်းအလုပ်သမား ၁ သိန်းကျော် ပါဝင်တယ်လို့ အလုပ်သမားကူညီရေးအဖွဲ့က ပြောပါတယ်။ 

ထိုင်းတောင်ပိုင်း၊ ဆုန်ခလာခရိုင် ဟတ်ယိုင်တမြို့တည်းတင် ရေဘေးသင့်မြန်မာ ရွှေ့ပြောင်းလုပ်သား ထောင်နဲ့ချီရှိတယ်၊  ရေဘေးသင့်နေတာ ၅ ရက်ကျော်ပြီဖြစ်ပြီး ထွက်လို့မရဘဲ ရေထဲ ပိတ်မိနေတာလည်း ထောင်ချီရှိတယ်လို့  Labour Rights Foundation ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက်အဖွဲ့ နယ်မြေစည်းရုံးရေးတာဝန်ခံ ဦးဘရီက DVB ကို ပြောပါတယ်။ 

“ဟတ်ယိုင်မှာ ရေကြီးနေတာ ၂၁ ရက်နေ့ကတည်းက ဒီနေ့က ၂၆ ရက်ဆိုတော့ ၅ ရက်ရှိသွားပြီ။ အခြေအနေက တော်တော်ဆိုးနေပါတယ်၊ ရေထဲကနေ ထွက်လို့မရဘဲ ပိတ်မိနေတာ ထောင်နဲ့ချီ ရှိတယ်၊ အဓိကက အစာရေစာပြတ်တာ၊ ကလေးတွေသောက်ဖို့ နို့ပြတ်တာရှိတယ်။ ကယ်ဆယ်ရေးအဖွဲ့တွေကလည်း လိုက်ဝေလို့ မနိုင်ဘူး၊ တချို့နေရာတွေ ဝင်လို့မရတော့ သူတို့ဆီ မရောက်နိုင်ဘူး၊ လျှပ်စစ်မီးတွေ ပြတ်နေတော့ ဖုန်းလိုင်းလည်းပြတ်၊ ဖုန်းအားတွေလည်း ကုန်ပေါ့ဗျာ။ ဆက်လို့ရတော့လည်း ထိုင်းဘာသာစကား အခက်အခဲရှိတယ်။ လူနာတွေ ကိုယ်ဝန်ဆောင်တွေလည်း ပိတ်မိနေတယ်။ မနေ့ကဆိုရင် မွေးလူနာတယောက် ဆေးရုံပို့ပေးဖို့ အကူအညီတောင်းလာတာ၊ ကျနော်တို့ ဝင်လို့မရလို့  ဆေးရုံမပို့ပေးနိုင်ခဲ့ဘူး။  တော်တော်ကြီးကို ခက်ခဲပါတယ်။ 7 Eleven ကုန်စုံဆိုင်တွေ ဈေးဆိုင်တွေလည်း အကုန်ပိတ်ထားလို့ ကူညီဖို့ ပစ္စည်းတွေ အဝေးကြီးမှာ သွားဝယ်ရတယ်။”

7 Eleven ကုန်စုံဆိုင်အချို့မှာ ရေတအားမကြီးခင် လျှပ်စစ်မီးပြတ်တောက်ချိန် မှန်ကိုခွဲပြီး အထဲက ပစ္စည်းတွေ လုယူတာခံရတယ်။ သစ်စက်မှာ အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမားတွေဟာ သူတို့ အလုပ်ဆင်းပြီး ပြန်လာတော့ အခန်းထဲ ရေတွေဝင်ပြီး အဝတ်အထည်တွေ အိမ်သုံးပစ္စည်းတွေ မရှိတော့ဘူး။ ‌ရေစီးကြောင်းနဲ့ ပါသွားပြီ။ အဆိုးဆုံးက အရေးကြီးစာရွက်စာတမ်း အထောက်အထားတွေပါ အကုန် ရေနဲ့ပါသွားတယ်လို့ ဆိုပါတယ်။ 

ရေဘေးက လွတ်လာတဲ့ မြန်မာလုပ်သားတွေဟာ  ဒေသခံတွေနဲ့အတူ စာသင်ကျောင်း၊ ဆေးရုံ စတဲ့ အစိုးရအဆောက်အအုံမှာ ယာယီခိုလှုံနေပြီး Labour Rights Foundation အနေနဲ့ ရေဘေးသင့်သူတွေကို ခေါက်ဆွဲခြောက်တွေ၊ ဆေးဝါးနဲ့ အခြေခံလူသုံးကုန်ပစ္စည်းတွေကို တတ်နိုင်သလောက် လိုက်လံဝေငှပေးနေပါတယ်။ 

ထိုင်းတောင်ပိုင်းမှာ ရေဘေးသင့်နေတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားစုစုပေါင်း ၁၀၀,၀၀၀ ကျော် ရှိမယ်လို့ ခန့်မှန်းရကြောင်း၊ ရှောင်လွှဲလို့မရတဲ့  သဘာဝဘေးအန္တရာယ် အခြေအနေမှာ ကျရောက်နေတာကြောင့် အချင်းချင်းလည်း တတ်နိုင်သလောက် ဝိုင်းဝန်းကူညီဖို့နဲ့ ဘေးသင့်နေတာ မြန်မာချည်းမဟုတ်ဘဲ အိမ်ရှင် ထိုင်းလူမျိုးတွေတောင် ဒုက္ခရောက်နေကြလို့  စိတ်ဓာတ်မကျဖို့ အားတင်းပြီး ကြံ့ကြံ့ခိုင်ဖို့ အားပေးလိုကြောင်း  LRF က ပြောပါတယ်။ 

ရေဘေးသင့်သူတွေ လွန်စွာများပြားတာကြောင့် ထိုင်းကယ်ဆယ်ရေးအဖွဲ့တွေလည်း အားလုံးကို မကူညီနိုင်ခဲ့ဘူး၊ မနေ့ညက ဟတ်ယိုင်မြို့  ကော်မီရပ်ကွက်ထဲမှာ ရာနဲ့ချီပိတ်မိနေတဲ့လူတွေကို ဂျက်စကီးစက်လှေနဲ့ သွားရောက်ကယ်တင်ရာမှာ နေအိမ်တအိမ်ကနေ ဓာတ်မီးကို မှိတ်တုတ်မှိတ်တုတ် အချက်ပြပြီး လှေကို သေနတ်နဲ့ ၃ ချက် လှမ်းပစ်တာ ခံရတယ်၊ လူနဲ့လှေကို မထိမှန်ပေမဲ့ အန္တရာယ်မကင်းတာကြောင့် ရှေ့ဆက်မသွားတော့ဘဲ နောက်လှည့်ပြန်ခဲ့တယ်လို့ ကယ်ဆယ်ရေးအဖွဲ့ဝင်တယောက်က သတင်းထောက်တွေကို ပြောပါတယ်။ 

ကယ်ဆယ်ရေးအဖွဲ့က လူတိုင်းကို မကယ်နိုင်တာကြောင့် တုတ်နဲ့ အပေါက်ခံရတာ၊ ပုလင်းနဲ့ အပေါက်ခံခဲ့ရတာတွေလည်း ရှိတယ်လို့ စူရတ်ဌာနီကယ်ဆယ်ရေးအဖွဲ့ဝင်တယောက်က သတင်းထောက်တွေကို ပြောပါတယ်။

အဆိုပါ ဆုန်ခလာမြို့ထဲမှာဘဲ မနေ့ညက ကယ်ဆယ်ရေးလှေငယ်တစီးက မိသားတစုကို သွားရောက်ကယ်ဆယ် ခေါ်ဆောင်လာစဉ် ရေစီးအလွန်သန်တာကြောင့် လှေမှောက်မလို ဖြစ်ခဲ့တယ်၊ ရင်ခွင်ပိုက် ကလေးငယ်တယောက်ဟာ မိခင်လက်ထဲကနေ ပြုတ်ကျပြီး ရေစီးနဲ့အတူ မျောပါသွားခဲ့တယ်လို့  Khaosod ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

ထိုင်းတောင်ပိုင်းမှာ နိုဝင်ဘာ ၂၆ ရက်အထိ ကောက်ခံရရှိတဲ့ သတင်းတွေအရ ရေဘေးသင့်တဲ့ အိမ်ထောင်စုတွေမှာ စူရတ်ဌာနီခရိုင်မှာ ၁၅, ၃၀၄ စု၊ နခွန်းဆီထမရတ်မှာ ၂၂၃,၂၂၁ စု၊ တရန်းမှာ ၁၂, ၆၄၇ စု၊ ဖတ်ထလုန်းမှာ ၁၄၈,၁၁၅ စု၊ ဆဒွန်းမှာ ၂၆, ၂၁၉ စု၊ ဆုန်ခလာမှာ ၃၂၀, ၈၈၇ စု၊ ပတ္တနီမှာ ၁၁၄, ၆၂၀ စု၊ ယာ့လားမှာ ၄၅, ၆၃၄ စု၊ နာရာသီဝပ်မှာ ၇၉,၆၄၁ စု ရှိတယ်။ 

ခရိုင် ၉ ခုလုံးမှာ ရေဘေးသင့်သူပေါင်း ၂,၇၃၄,၃၁၈ (နှစ်သန်းခွဲကျော်) ရှိပြီး သေဆုံးသူမှာ ၁၈ ယောက် ရှိတယ်လို့  ထိုင်းနိုင်ငံသဘာဝဘေးအန္တရာယ် တားဆီးကာကွယ်ကူညီရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။  

နိုဝင်ဘာ ၂၆ ရက် ညနေပိုင်း နောက်ဆုံးရသတင်းမှာတော့  ထိုင်းတောင်ပိုင်း ရေဘေးသင့်မှုကြောင့် သေဆုံးသူ ၃၃  ယောက် ရှိသွားပြီဖြစ်ပြီး နခွန်းဆီထမရတ်မှ ၉ ယောက်၊ ဖတ်ထလုန်းက ၄ ယောက်၊ တရန်းက ၂ ယောက်၊ ဆုန်ခလာက ၆ ယောက်၊ ဆဒွန်းက ၂ ယောက်၊ ပတ္တနီက ၅ ယောက်နဲ့ ယာ့လားခရိုင်က ၅ ယောက်တို့ဖြစ်တယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။ 

Source: Labor Rights Foundation / Khaosod News / Thairath

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013