
ထိုင်းတောင်ပိုင်း ချွန်းဖွန်းခရိုင်ထဲမှာ အောက်တိုဘာ ၂၁ ရက်က နိုင်ငံကူး လက်မှတ်အတု ကိုင်ဆောင်ပြီး ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၁၃ ယောက် ဖမ်းဆီးခံခဲ့ရတယ်လို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
ချွန်းဖွန်းခရိုင် အဝေးပြေးလမ်း လုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေဟာ နယ်မြေတွင်းစောင့်ကြပ်စစ်ဆေးစဉ် ချွန်းဖွန်းမြို့ ဝမ်းဖိုင်ရပ်ကွက်အပိုင်းရှိ အမှတ် ၄၁ လမ်းမကြီးအတိုင်း မောင်းဝင်လာတဲ့ အဖြူရောင်မှန်လုံကားတစီးကိုပါ တားဆီးစစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။
ကားပေါ်မှာ မြန်မာနိုင်ငံသား အမျိုးသား ၁၀ ယောက်၊ အမျိုးသမီး ၃ ယောက် စုစုပေါင်း ၁၃ ယောက် လိုက်ပါစီးနင်းလာပြီး နိုင်ငံကူးလက်မှတ်ကိုယ်စီရှိတယ်၊ တာဝန်ရှိသူတွေက အဆိုပါ နိုင်ငံကူး လက်မှတ်တွေ စစ်ဆေးရာမှာ ဂဏန်းနံပါတ်၊ အမညအမည် နဲ့ ဓာတ်ပုံတွေ ပြုပြင်ထားတာကို မသင်္ကာဘွယ်တွေ့ရှိတယ်။ ကွန်ပြူတာထဲစစ်ဆေးရာမှာတော့ အဆိုပါလက်မှတ်တွေဟာ စာ ရင်းထဲမှာ ရှိမနေဘူး၊ ပတ်စပို့နဲ့ တံဆိပ်တုံးအတုတွေ ဖြစ်နေတယ်လို့ ဆိုပါတယ်။
ယာဉ်မောင်းဖြစ်သူ ထိုင်းအမျိုးသား နိုင်းခုနားကွန်း ဆိုသူကတော့ သူဟာ အဲဒီမြန်မာနိုင်ငံသားတွေ ပတ်စပို့ စာရွက်စာတမ်းအပြည့်ရှိလို့ တင်ဆောင်လာခဲ့တယ်၊ အတုဖြစ်မှန်းမသိဘူးလို့ ပြောပါတယ်။
ကားပေါ်ပါလာသူတွေက သူတို့ဟာ ထိုင်းမှာအလုပ်လာလုပ်ဖို့ တောလမ်းကနေ ကန်ကျနပူရီ ခရိုင်ထဲကို ဝင်ရောက်လာတယ်။ အဆိုပါ နိုင်ငံကူးလက်မှတ်ကို မြန်မာပွဲစားက တစောင်ကို ဘတ် ၁၅,၀၀၀ နှုန်းနဲ့ လုပ်ပေးထားတာလို့ ဆိုပါတယ်။
တာဝန်ရှိသူတွေက သူတို့ကို စာရွက်စာတမ်းတုပမှု၊ ဌာနဆိုင်ရာတံဆိပ်တုံးတုပမှု၊ နိုင်ငံထဲ တရားမဝင် ဝင်ရောက်မှုတွေနဲ့ အရေးယူသွားမယ်၊ ထိုင်းနိုင်ငံရဲ့ ဥပဒေအရ ဌာနဆိုင်ရာ စာရွက်စာ တမ်းတုပပါက ၁၀ နှစ်ထက်မပိုတဲ့ ထောင်ဒဏ် ဒါမှမဟုတ် ၂၀၀,၀၀၀ ထက်မပိုတဲ့ ငွေဒဏ် ဒါမှမဟုတ် ထောင်ဒဏ်ရောငွေဒဏ်ပါ နှစ်ရပ်လုံးကျခံရမယ်လို့ တာဝန်ရှိသူက ပြောသွားပါတယ်။
Source - MGROnline




