Home
မြန်မာသတင်း
ဒီးမော့ဆိုအနောက်ခြမ်းကို စစ်ကြောင်းထိုးနေသဖြင့် ရွာ ၄ ရွာထက်မနည်း  ထွက်ပြေးနေရ
DVB
·
November 25, 2025

ကရင်နီပြည် ဒီးမော့ဆိုမြို့အနောက်ခြမ်း ဒီးမော့ဆို နဲ့ နန်းမယ်ခုံမြို့နယ်အကြားက ကျေးရွာတွေကို စစ်တပ်စစ်ကြောင်း ထိုးလာတဲ့အတွက် ရွာ ၄ ရွာထက်မနည်း ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ သွားရောက်ကယ်ထုတ်ခဲ့သူတွေက DVB ကို ပြောပါတယ်။ 

စစ်ကြောင်းမဝင်ခင် နိုဝင်ဘာ ၂၃ ရက်ကတည်းက ဒီးမော့ဆိုမြို့ရဲ့အနောက်ခြမ်းတဝိုက် စစ်တပ်က ဒရုန်းတွေနဲ့ကင်းထောက်ခဲ့ပြီး လေယာဥ်နဲ့ လက်နက်ကြီးတွေ အဆက်မပြတ်ပစ်နေတာကြောင့် ဒေသခံတွေ ရှောင်နေရတာပါ။ 

နိုဝင်ဘာ ၂၄ ရက်မှာတော့ သေးဆူလဲရွာ၊ ပူဖါးရွာ၊ ဆီးလီဒုန်းရွာ နဲ့ ကြာဖူးဒေါရွာတို့ ပြောင်းရွှေ့ပြေးခဲ့ရပြီး အကူအညီတွေ လိုအပ်နေတယ်လို့ ကယ်ဆယ်ရေးသမားတယောက်က DVB ကို ပြောပါတယ်။

“ကယ်ဆယ်ရေးအတွက် ကားတွေ ဆီတွေတော့လိုတယ်ဗျ။ ဒီလိုစစ်ရှောင်တဲ့အချိန်မှာ ကျနော်တို့ ပိုလိုပါတယ်။ တဖြည်းဖြည်းနဲ့ ရွှေ့နေတာဆိုတော့လေ လောလောဆယ် လူဦးရေတော့ မသိရသေးပါဘူး။ ဒေါငံခါးတဝိုက်မှာလည်း သူတို့က မဲဆန္ဒနယ်လုပ်မယ်လို့ ကြေညာထားတဲ့အချိန်မှာ အနီးနား ပတ်ဝန်းကျင်တွေပါ ထပ်ရှောင်ရတာပေါ့။”

စစ်ကောင်စီက ကျင်းပမယ့် ရွေးကောက်ပွဲအပိုင်း ၁ မှာ ကရင်နီပြည်နယ်က မြို့တော်လွိုင်ကော်နဲ့ ဘောလခဲပါဝင်ပြီး အပိုင်း ၂ မှာတော့ ဒီးမော့ဆို နဲ့ ဖရူဆိုမြို့နယ်ပါဝင်တယ်လို့ ရွေးကောက်ပွဲကော်မရှင်ဘက်က ထုတ်ပြန်ထားပါတယ်။ 

စစ်တပ်ဘက်က မြို့တော်လွိုင်ကော် နဲ့ ငွေတောင်ဆည်လောက်သာ ထိန်းချုပ်ထားနိုင်သေးပြီး ကရင်နီပြည်နယ်ရဲ့ မြို့နယ်အများစုက တော်လှန်ရေးတပ်ပေါင်းစုတွေ ထိန်းချုပ်ထားတာပါ။

ဒါကြောင့် လက်ရှိရွာတွေထဲဝင်နေတဲ့ စစ်ကြောင်းဟာ လွိုင်ကော်မြို့က ထွက်လာတာဖြစ်ပြီး ရွေးကောက်ပွဲမတိုင်ခင် နန်းမယ်ခုံ နဲ့ ဒီးမော့ဆိုမြို့တွေကို ထိန်းချုပ်ဖို့အတွက် စစ်ကြောင်းဝင်လာတာလို့ DVB ရဲ့ ဒီးမော့ဆို စစ်ရေးအရင်းအမြစ်က သုံးသပ်ပါတယ်။

“နန်းမယ်ခုံတကြောလုံးကို သူ(စစ်တပ်)မရသေးဘူး။ ဒီးမော့ဆိုလည်း သူရပြီတာ ပြောနေတာ တဝက်လောက် သူ မရသေးဘူး။ သူ့ရည်ရွယ်ချက်က နန်းမယ်ခုံကို လိုချင်လို့ဖြစ်နိုင်တယ်။”  

လက်ရှိ စစ်တပ်ထိန်းချုပ်ထားတဲ့ ကျေးရွာအများစုမှာတော့ စစ်ရှောင်တွေကို ရွေးကောက်ပွဲမတိုင်ခင် နေရပ်ပြန်လာဖို့ ဖိအားပေးနေပြီး ပြန်လာမနေတဲ့ နေအိမ်တွေကို ပြည်သူပိုင်အဖြစ် သိမ်းမယ်ဆိုပြီး ခြိမ်းခြောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရွေးကောက်ပွဲအပိုင်း ၁ ကျင်းပမယ့် မြို့တော်လွိုင်ကော်မှာလည်း မြို့တွင်း လုံခြုံရေးတင်းကျပ်ထားပြီး တက္ကသိုလ်တက်နေတဲ့ ကျောင်းသား ကျောင်းသူတွေည်း မဲ စတင်ထည့်နေရပြီ ဖြစ်ပါတယ်။ 

မောရစ် 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013