
နိုဝင်ဘာ ၁၂ ရက်က စတင်ပြီး စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားနေတာ ကြောင့် ခင်ဦးမြို့နယ်နဲ့ ကန့်ဘလူမြို့နယ်အတွင်းက နေရပ်စွန့်ခွာလာရတာဟာ ၂ ပတ်ကျော် ကြာလာပြီဖြစ်တဲ့ စစ်ရှောင်သောင်းနဲ့ချီအတွက် စားဝတ်နေရေးနဲ့ ဆေးဝါးတွေ အရေးပေါ် လိုအပ်နေတယ်လို့ ဒေသခံတွေနဲ့ စစ်ရှောင်ကူညီရေး ပရဟိတအဖွဲ့တွေဆီက သိရပါတယ်။
စစ်ရှောင်တယောက်က “ခဏတာ တိုက်ပွဲဖြစ်လိမ့်မယ်လို့ ထင်ပြီး ဘာမှမယူခဲ့ရဘူး။ အနွေးထည်နဲ့ ခြုံစောင်တွေ မပါခဲ့ဘူး။ စားစရာက ဆန်တို့၊ ဆီတို့ကိုလည်း လုံလောက်အောင် မထည့်ခဲ့ရဘူး။ ရက်ကြာလာတော့ အခက်အခဲတွေက အများကြီးဖြစ်လာတယ်။ ဆေးဝါး တွေလည်း လိုအပ်ပါတယ်။ ကလေးသူငယ်နဲ့ လူကြီးတွေအတွက် အအေးပတ်မှာ စိုးရိမ်ရတယ်။ တကယ်လို့ ဖြစ်နိုင်မယ်ဆိုရင် စောင်၊ အနွေးထည်နဲ့ ဆေးဝါးများ ကူညီပေးကြပါဦး” လို့ ပြောပါတယ်။
အခုလတ်တလော စစ်ရှောင်တွေ ရှောက်ရှိနေတဲ့ ကျေးရွာက ပြည်သူတွေနဲ့ စစ်ရှောင်ကူညီရေး ပရဟိတအဖွဲ့တွေက စားဝတ်နေရေးအတွက် ကူညီပေးနေကြရတယ်လို့ သိရပါတယ်။
ဒီပဲယင်းမြို့နယ် ပြန်လည်ထူထောင်ရေး အနာဂတ်လူငယ်လေးများအဖွဲ့မှ ကိုငှက်ဆိုးက “ဒီကနေ့ ကျနော်တို့အဖွဲ့က ခင်ဦးမြို့နယ် စစ်ရှောင် ၁၅၀၀ အတွက် ဆန် ၆ ပိုင်း၊ ကြက်သွန်တအိတ်၊ ဆားတအိတ်ကို ခင်ဦးမြို့နယ် ကိုစံရှည်ထံ လှူဒါန်းခဲ့ပါတယ်ဗျ။ စစ်ရှောင်ရတဲ့ရက်က ရက်ရှည်လာရင်တော့ စစ်ဘေးရှောင်တွေရဲ့ စာသောက်နေထိုင်ရေးက မတွေးဝံ့စရာပါ။ အခုကတော့ ပြည်သူကနေ ပြည်သူက ကူညီပေးနေကြရတယ်။ စစ်ရှောင်အင်အားက အရမ်းများ တော့ အရေးပေါ် ဆန် ဆီ ဆား အခြေခံ စာသောက်ကုန်နဲ့ ဆေးဝါးတွေ လိုအပ်နေပါတယ်” လို့ ပြောပါတယ်။
ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့ကတော့ စစ်ရှောင်တွေအတွက် အခြေခံ စားအသောက်ကုန်ပစ္စည်းတွေ ၂ ကြိမ် ထောက်ပံ့လှူဒါန်းထားပေမဲ့ လိုအပ်ချက် ရှိနေတာကြောင့် ကူညီလှူဒါန်းပေးကြဖို့ မေတ္တာရပ်ခံထားပါတယ်။


