
ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်ဘက်ကို ကင်းပတ်ထွက်လာတဲ့ စစ်ကောင်စီ ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂ ယောက် သေဆုံးခဲ့တယ်လို့ ပြည်သူ့ ကာကွယ်ရေးတပ်မတော် (PDF) အမှတ် ၂ စစ်ဆင်ရေးနယ်မြေက ထုတ်ပြန်ပါတယ်။
ပေါင်းတလည်မြို့နယ်ဘက်ကနေ ထွက်လာတဲ့ စစ်ကောင်စီ ယာဉ်တန်းကို ပေါက်ခေါင်းမြို့နယ် ကန်စုရွာအနောက်ဘက် ကျောင်းအနီးမှာ ဇန်နဝါရီ ၂ ရက် နေ့လယ်ပိုင်းမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ဖော်ပြထားပါတယ်။
မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂ ယောက် သေဆုံးခဲ့ပြီး နောက်ထပ် ၃ ယောက်ကတော့ ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေနဲ့ ဒဏ်ရာရသူတွေကိုတော့ ကားပေါ်ကို တင်ပြီး ဆုတ်ခွာ သွားခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီတိုက်ခိုက်မှုကိုတော့ PDF ဗျူဟာ ၂၁ ကွပ်ကဲမှုအောက်မှာရှိတဲ့ ပြည်ခရိုင် အမှတ် (၁)၊ ၃၆၀၁ တပ်ရင်း၊ တပ်ခွဲ (၃) က လုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။


