
မွန်ပြည်နယ်၊ ကျိုက်ထိုနဲ့ ဘီးလင်းမြို့နယ်အကြား ရန်ကုန်-မော်လမြိုင်ကားလမ်းမှာ စစ်ယာဉ်တန်းကို တိုက်ခိုက်ခဲ့လို့ စစ်တပ်ဘက်က ၈ ယောက် သေဆုံးတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
ဩဂုတ် ၉ ရက်နေ့က ကျိုက်ထို၊ ဘီးလင်းမြို့ကြား၊ ဝင်းမတုံကုန်းဆင်းဆီဆိုင်နဲ့ သင်္ချိုင်းကုန်းကြားမှာ မောင်းနှင်လာတဲ့ စစ်ကြောင်းယာဉ်တန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ယောက်သေဆုံး၊ ၂ ယောက် ဒဏ်ရာရသွားပြီး ကားတစီး တိမ်းမှောက်သွားတယ်လို့ ဆိုပါတယ်။
နဂါးဖြူစစ်ကြောင်း တပ်ခွဲ ၂ တာဝန်ခံက "ရန်ကုန်-မော်လမြိုင်ကားလမ်းပိုင်း ကျိုက်ထိုနှင့် ဘီးလင်းကြား ဝင်းပတုံကုန်းဆင်းဆီဆိုင် နှင့် သင်္ချိုင်းကုန်ကြားသို့ မောင်းနှင်လာည့် ရန်သူ ၆ ဘီးကား ၂ စီးအား နဂါးဖြူတပ်ရင်း တပ်ခွဲ-၂ ၊ ၇၈၀၅ တပ်ခွဲ - ၄ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး ရန်သူဘက်မှ ၈ ဦး ကျဆုံး၊ ၂ ဦး ဒဏ်ရာရခဲ့ပြီး မိမိတို့ဘက်မှ အထိအခိုက်မရှိ ပြန်လည်းဆုတ်ခွာနိုင်ခဲ့တယ်"လို့ ပြောပါတယ်။
အထိနာသွားတဲ့ စစ်တပ်ယာဉ်တန်းက ပြည်သူတွေ နေထိုင်ရာ နေရာတွေကို ဦးတည်ပစ်ခတ်ခဲ့လို့ ပြည်သူတချို့ ထိခိုက်သေဆုံးတယ်လို့လည်း ဆိုပြီး အသေးစိတ်ကိုတော့ စုံစမ်းနေတုန်း ဖြစ်ပါတယ်။
အဲဒီစစ်ဆင်ရေးမှာ နဂါးဖြူတပ်ရင်း တပ်ခွဲ-၂၊ ၇၈၀၅ တပ်ခွဲ-၄ အပါအဝင် တော်လှန်ရေးအင်အားစုများ ပူးပေါင်း ပါဝင်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။


