
အိန္ဒိယနိုင်ငံရဲ့ အသန့်ရှင်းဆုံးမြို့အဖြစ် သတ်မှတ်ခံထားရတဲ့ မက်ဒရာပရာဒက်ရှ်ပြည်နယ်ရှိ အင်းန်ဒေါမြို့မှာ သောက်သုံးရေ ညစ်ညမ်းမှုကြောင့် ဝမ်းလျှောရောဂါ ဖြစ်ပွားပြီးနောက် သေဆုံးရသူ ၉ ယောက်ရှိပြီး လူ ၂၀၀ လောက် ဆေးရုံတက်နေရတယ်လို့ ဇန်နဝါရီ ၂ ရက်မှာ တာဝန်ရှိသူတွေက ပြောပါတယ်။
ဘာဂီရသ်ပူးဒေသရှိ သောက်သုံးရေဟာ ယိုစိမ့်မှုကြောင့် ညစ်ညမ်းခဲ့ကြောင်း အင်းန်ဒေါမြို့ရဲ့ အဓိက ဆေးဘက်ဆိုင်ရာ အရာရှိ မဒ်ဟတ်ပရာဆတ် ဟာဆာနီက ရိုက်တာစ်သတင်းဌာနကို ဖုန်းနဲ့ ပြောကြားခဲ့ပါတယ်။
ရေစစ်ဆေးမှုအရ ပိုက်လိုင်းမှာ ဘက်တီးရီးယားတွေ ရှိနေကြောင်းကိုလည်း အတည်ပြုခဲ့ပါတယ်။ သေဆုံးသူဦးရေနဲ့ပတ်သက်လို့ ဘာမှမပြောနိုင်ပေမဲ့ ဒေသတခုတည်းက လူ ၂၀၀ ကျော်ဟာ မြို့ထဲက ဆေးရုံအမျိုးမျိုးမှာ ကုသမှုခံယူနေကြပါတယ်လို့လည်း ဟာဆာနီက ပြောပါတယ်။
ထိခိုက်ခံရတဲ့ဒေသက ရေနမူနာရဲ့ နောက်ဆုံးအစီရင်ခံစာကို စောင့်မျှော်နေပါတယ်လို့လည်း သူက ဆိုပါတယ်။
အာဏာပိုင်တွေဟာ တအိမ်တက်ဆင်း စစ်ဆေးဖို့အတွက် ဆရာဝန်အဖွဲ့တွေကို စေလွှတ်ခဲ့ပြီး ရေကိုသန့်စင်ဖို့ ကလိုရင်းဆေးပြားတွေကို ဖြန့်ဝေပေးခဲ့ပါတယ်။
မက်ဒယာပရာဒေ့ရှ်ပြည်နယ်ရှိ အင်းန်ဒေါမြို့ဟာ အိန္ဒိယနိုင်ငံရဲ့ အသန့်ရှင်းဆုံးမြို့အဖြစ် သတ်မှတ်ခံထားရပြီး ပြီးခဲ့တဲ့ ၈ နှစ်အတွင်း အမျိုးသားသန့်ရှင်းရေးအဆင့်မှာ ထိပ်ဆုံးမှ ရပ်တည်နေခဲ့တဲ့မြို့လည်း ဖြစ်ပါတယ်။
Source: Reuters


