Home
မြန်မာသတင်း
ခရစ္စမတ်ကာလ အိန္ဒိယ-ရခိုင် ကုန်သွယ်ရေး ယာယီရပ်တန့်နေ
DVB
·
December 25, 2025

ခရစ္စမတ်ကာလအတွင်း အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ဘက်က ဈေးတွေနဲ့ ကားသမားတွေ အလုပ်ရပ်နားပြီး ခရစ္စမတ်ပွဲတော် ကျင်းပနေတာကြောင့် အိန္ဒိယ-ရခိုင် ကုန်သွယ်ရေးလည်း ယာယီရပ်တန့်နေကြတယ်လို့ ရခိုင်ကုန်သည်တွေက ပြောပါတယ်။

ခရစ်ယာန်ဘာသာဝင်တွေ အများဆုံး နေထိုင်ကြတဲ့ မီဇိုရမ်ပြည်နယ်မှာ ဒီဇင်ဘာ ၂၁ ရက်က ဈေးတွေမှာ ကုန်တင်ခွင့် ကန့်သတ်ထားသလို ကားသမားတွေဟာ ခရစ္စမတ်ကာလ ကုန်စည်ပို့ဆောင်မှု ရပ်တန့်ထားကြတာကြောင့် ကုန်သွယ်မှုမှာ ယာယီရပ်တန့်နေကြတာ ဖြစ်တယ်လို့ အိန္ဒိယ-ရခိုင် ကုန်သွယ်မှု ပြုလုပ်နေတဲ့ ကုန်သည်အမျိုးသားတယောက်က ပြောပါတယ်။

“မီဇိုရမ်က ခရစ်ယာန်ဘာသာဝင်တွေ နေထိုင်ကြတာကြောင့် ခရစ္စမတ်ကာလမှာ သူတို့ပြည်နယ်က ဈေးတွေကို ယာယီပိတ်ထားကြသလို ကားသမားတွေဟာလည်း ကုန်စည်ပို့ဆောင်မှုကို ယာယီရပ်နားထားကြတယ်။ တချို့မြို့နယ်တွေမှာလည်း တရားဝင်စာထုတ်ပြီးတော့ ဈေးတွေ ပိတ်ထားတာ ရှိတယ်။ ဒီလကုန် နှစ်သစ်ကူးအထိ ကုန်သွယ်ရေးက ရပ်တန့်နေမဲ့ အခြေအနေ ရှိတယ်။”

အိန္ဒိယ-ရခိုင် ကုန်သွယ်ရေးဟာ ခရစ္စမတ်ကာလမှာ နှစ်တိုင်း ယာယီရပ်တန့်လေ့ရှိပြီးတော့ ရခိုင်က ကုန်သည်တွေဟာ ကြိုတင်ပြီးတော့ ကုန်စည်တင်သွင်းထားကြတာတွေ ရှိကြတယ်လို့ ကုန်သည်တွေက ပြောပါတယ်။

ရခိုင်ပြည်နယ်ဟာ ၂၀၂၃ ခုနှစ်ကတည်းက မီဇိုရမ်နဲ့ ကုန်သွယ်မှုကို စတင်နေတာဖြစ်ပြီး ရခိုင်ပြည်အတွက် လိုအပ်တဲ့ ကုန်စည်တွေ၊ ဆေးဝါးတွေနဲ့ စက်သုံးဆီအတွက် မီဇိုရမ်ပြည်နယ်အပေါ်မှီခိုနေကြရတာ ဖြစ်ပါတယ်။

လက်ရှိ ကုန်သွယ်မှုရပ်တန့်နေတာကြောင့် ရခိုင်ပြည်နယ်မှာ ကုန်ဈေးနှုန်း အနည်းငယ် မြင့်တက်မှု ရှိနေပေမဲ့ ကုန်စည်ပြတ်တောက်မှုတော့ ရှိမှာမဟုတ်ဘူးလို့ ရခိုင်က ဆိုင်သည်တွေက ပြောပါတယ်။

နောက်ထပ် ရခိုင်ကုန်သည်တယောက်က “ကုန်ဈေးနှုန်းက ကုန်သွယ်မှု ရပ်တန့်ထားတာကြောင့် အနည်းငယ် မြင့်တက်မှုတော့ ရှိတယ်။ သိပ်ပြီးတော့ မြင့်တက်သွားတာမျိုးတော့ မဟုတ်ဘူး။ နှစ်တိုင်း ခရစ္စမတ်ကာလမှာ ကုန်သွယ်မှု ရပ်တန့်‌လေ့ရှိတာကြောင့် ကုန်စည်တွေကတော့ ဖြည့်တင်းထားကြတာတွေ ရှိကြတယ်။ တချို့ကုန်သည်တွေကလည်း လမ်းဖွင့်တာနဲ့ ကုန်သွယ်ရေး ပြန်စနိုင်ဖို့အတွက် မီဇိုရမ်ဘက်မှာ ရောက်နေကြတဲ့သူတွေ ရှိကြတယ်” လို့ ထပ်ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ မြို့သိမ်းတိုက်ပွဲတွေ စတင်ဖြစ်ပွားတဲ့ ၂၀၂၃ ခုနှစ်ကတည်းက စစ်ကောင်စီ ကုန်စည်စီးဆင်းမှုလမ်းကြောင်းတွေ ပိတ်ဆို့ခဲ့တာကြောင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်နဲ့ ကုန်သွယ်မှုကို စတင်ခဲ့ကြတာ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013