
အိန္ဒိယအရှေ့မြောက်ပိုင်းမှာ မြို့တော်နယူးဒေလီကို ဦးတည်ခုတ်မောင်းလာတဲ့ ရထားတစင်းက ဆင်အုပ်တအုပ်ကို ဒီဇင်ဘာ ၂၀ ရက် အစောပိုင်းက ဝင်တိုက်မိခဲ့ရလို့ ဆင် ၇ ကောင်သေဆုံးပြီး တကောင် ဒဏ်ရာရခဲ့တယ်လို့ ခရိုင်ရဲမှူးကြီး ဗီဗီရာခက်ရှ်ရဒ်ဒီက ပြောပါတယ်။
အာသံပြည်နယ်၊ ဟိုဂျိုင်းခရိုင်က ဒီဖြစ်ရပ်ဟာ သတ်မှတ်ထားတဲ့ ဆင်လမ်းကြောင်းမဟုတ်တဲ့ နေရာမှာ ဖြစ်ခဲ့တာလို့ အရှေ့မြောက်နယ်စပ်ရထားလမ်းက ကြေညာချက် ထုတ်ပြန်ပြောပါတယ်။
ရထားစက်ခေါင်းမောင်းသူက ဆင်အုပ်ကို မြင်တဲ့အခါ အရေးပေါ်ဘရိတ်တွေကို နင်းခဲ့ပေမဲ့ ဆင်တွေက ရထားဆီပြေးလာခဲ့တာလို့ ကုမ္ပဏီက ပြောပါတယ်။
ဒေသစံတော်ချိန် မနက် ၂ နာရီ ၁၇ မိနစ်မှာ တိုက်မိလို့ ရထားစက်ခေါင်းနဲ့ ရထားတွဲ ၅ တွဲ လမ်းချော်ခဲ့ပေမဲ့ လူတွေ ထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့ ကြေညာချက်မှာ ဖော်ပြပါတယ်။
ဒီရထားလမ်းပိုင်းကို ဖြတ်သန်းဖို့ စီစဉ်ထားတဲ့ ရထားတွေကို တခြားလမ်းကြောင်းတခုက တဆင့် လမ်းကြောင်းပြောင်းထားပြီး ပြန်လည်ပြုပြင်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့ ရထားလမ်းဌာနက ပြောပါတယ်။


