
အိန္ဒိယ အမြန်လမ်းမကြီးပေါ်မှာ ယာဉ်တိုက်မှုကြောင့် သေဆုံးသူဦးရေဟာ ၁၃ ယောက်အထိ မြင့်တက်လာကြောင်း ဒီဇင်ဘာ ၁၆ ရက်မှာ အိန္ဒိယအရာရှိတွေက သတင်းထုတ်ပြန်ပါတယ်။
ဒေသခံမီဒီယာတွေရဲ့ အဆိုအရ ယာဉ်တိုက်မှုဟာ ဒေလီ-အာဂရာ အမြန်လမ်းမကြီးပေါ်မှာ ဖြစ်ပွားခဲ့ပြီး ဆောင်းရာသီ မြူထူထပ်မှုကြောင့် မြင်ကွင်းမကောင်းတာကြောင့်လို့ ဆိုပါတယ်။
ဒေသခံတွေနဲ့ မျက်မြင်သက်သေတွေက မီးလောင်နေတဲ့ ကားတွေထဲမှာ ပိတ်မိနေတဲ့သူတွေကို ကယ်ဆယ်ဖို့ ကြိုးစားပြီးတဲ့နောက် မီးသတ်တပ်ဖွဲ့နဲ့ ရဲတွေ အပါအဝင် အရေးပေါ် တုံ့ပြန်ရေးသမားတွေဟာ အခင်းဖြစ်ပွားရာနေရာကို အလျင်အမြန် ရောက်ရှိလာခဲ့ကြပါတယ်။
မျက်မြင်သက်သေ ပြောကြားချက်အရ မော်တော်ကား ၃ စီး မီးလောင်သွားပြီး အဲဒီထဲမှာ လူ ၄-၅ ယောက်လောက် ပိတ်မိနေတာကို မြင်တွေ့ရကြောင်း၊ သူဟာ ကားထဲမှာ ငုံ့ပြီး တယောက်ကို ကယ်တင်ခဲ့ပြီးတော့ ကားထဲမှာ နောက်ထပ် ၃ ယောက် ပိတ်မိပြီး ကျန်နေသေးကြောင်း၊ သူတို့ဟာ ကားထဲမှာ ညပ်နေပြီးတော့ ဆွဲထုတ်ဖို့ အချိန်မမီတာကြောင့် မကူညီနိုင်ခဲ့ဘူးလို့လည်း ပြောပါတယ်။
အဲဒီအချိန်က မီးဟာ ကားထဲမှာ မြန်မြန်ပျံ့နှံ့သွားလို့ ကားထဲက ထွက်ခဲ့ရတယ်လို့လည်း သူက ဆိုပါတယ်။
အသက်ရှင်ကျန်ရစ်သူ တယောက်ကလည်း ဘတ်စ်ကား တိုက်မိချိန်တုန်းက သူတို့ အိပ်ပျော်နေကြပြီးတော့ မတော်တဆမှု ဖြစ်ချိန်မှာ ကားမှန်ကိုခွဲပြီး ထွက်ပြေးနိုင်ခဲ့တယ်လို့ ပြောပါတယ်။
ဆေးအဖွဲ့ဟာ စုံစမ်းစစ်ဆေးမှုကို အပြီးသတ်လိုက်ပြီလို့ မာသူရာခရိုင်တရားသူကြီး ချန်ဒရာ ပရာကက်ရှ်ဆင်းန်က ပြောကြားပါတယ်။
ဝန်ကြီးချုပ်ဟာ မတော်တဆမှုသတင်းကို သိရှိခဲ့ပြီးနောက်မှာ ဒဏ်ရာရရှိသူတွေအတွက် အကောင်းဆုံးကုသမှုပေးဖို့ အမိန့်ထုတ်ပြန်ခဲ့ပြီး သေဆုံးသူတွေရဲ့ မိသားစုတွေဟာ ရူပီး ၂ သိန်း (အမေရိကန်ဒေါ်လာ ၂,၂၀၀) ထောက်ပံ့ကြေး ရရှိမယ်လို့ ကြေညာခဲ့ပါတယ်။
Source: Reuters


