
အိန္ဒိယနိုင်ငံမှာ ပေ ၇၀ အမြင့်ရှိတဲ့ ပုံတူရုပ်တုကြီးကို မက်ဆီကိုယ်တိုင် GOAT Tour ခရီးစဉ်မှာ ဖွင့်လှစ်ဖွယ်ရှိပါတယ်။
GOAT Tour ခရီးစဉ်အဖြစ် မက်ဆီဟာ အိန္ဒိယနိုင်ငံကို ၃ ရက်ကြာ အလည်အပတ် ရောက်မှာဖြစ်ပြီး ကိုလ်ကတ္တား၊ ဒေလီ၊ မွမ်ဘိုင်းမြို့၊ ဟိုင်ဒီရာဘတ်မြို့ ၄ မြို့ကို သွားရောက်မှာ ဖြစ်ပါတယ်။
အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီရဲ့ အမာခံပရိသတ်တွေဟာ ပေ ၇၀ အမြင့်ရှိတဲ့ သံရုပ်တုကြီးကို ပြုလုပ်ခဲ့ကြတာပါ။
ဒီရုပ်တုကြီးဟာ ၂၀၂၂ ခုနှစ်က ကမ္ဘာ့ဖလားမှာ ဗိုလ်စွဲတုန်းက ဖလားကိုင်မြောက်ထားတဲ့ပုံစံ ပြုလုပ်ထားတာဖြစ်ပြီး လက်ရှိအချိန်မှာ ရုပ်တုကြီး ပြီးစီးအောင် လက်စသတ်နေကြပြီ ဖြစ်ပါတယ်။
ဒီရုပ်တုကြီးကို အောက်တိုဘာ ၁၃ ရက်က မက်ဆီ ကိုလ်ကတ္တားမြို့ကို လာရောက်စဉ်တုန်းကလည်း ဖွင့်လှစ်ပြသခဲ့ဖူးပါတယ်။
ပေ ၇၀ အမြင့်ရှိတဲ့ ဒီရုပ်တုကြီးကို အလုပ်သမား ၄၅ ယောက်က ၂၇ ရက်ကြာ ပြုလုပ်ခဲ့တာဖြစ်ပြီး ပေ ၇၀ အမြင့်ရှိ ဧရာမအရုပ်ကြီးအဖြစ် ပုံဖော်ခဲ့တာပါ။
ကိုလ်ကတ္တားမြို့မှာ တိုးဖွင့်ပွဲကို စနေနေ့ ဒေသစံတော်ချိန် ၁၀ နာရီခွဲမှာ ပြုလုပ်မှာဖြစ်ပြီး ပရိသတ်တွေဟာ Hola Messi fan Zone ကိုလည်း သွားရောက်လည်ပတ်နိုင်မှာ ဖြစ်ပါတယ်။
“သူ့အတွက် စီစဉ်ထားတာတွေကို တွေ့ရင် မက်ဆီ အံ့အားသင့်သွားမှာပါ။ ကိုလ်ကတ္တားမြို့နဲ့ အိန္ဒိယ တနိုင်ငံလုံးက သူ့ကို ဂုဏ်ပြုတာကို မြင်ရရင် သူ စိတ်လှုပ်ရှားမှာပါ” လို့ ပရိသတ်တယောက်က ပြောပါတယ်။
မက်ဆီဟာ ကစားသမားဘဝတလျှောက် ကလပ်အသင်းပွဲစဉ်တွေမှာ ပွဲပေါင်း ၉၆၃ ပွဲ ကစားထားပြီး ၇၈၇ ဂိုး သွင်းယူထားသူ ဖြစ်ပါတယ်။
ဒါ့အပြင် မက်ဆီဟာ ကလပ်အသင်းနဲ့ နိုင်ငံအတွက် ဆုဖလား ၄၄ လုံးရရှိအောင် စွမ်းဆောင်ပေးထားသူ ဖြစ်ပါတယ်။
မက်ဆီဟာ ၂၀၁၆ ခုနှစ်က အာဂျင်တီးနားနိုင်ငံ ဗြူနိုအေးရိစ်မြို့မှာ ပုံတူကြေးရုပ်တုနဲ့ ဂုဏ်ပြုခံထားရသူပြီး ဘာစီလိုနာအသင်းကလည်း မက်ဆီရဲ့ ပုံတူရုပ်တုကို နူးကမ့်ကွင်းမှာထားဖို့ ပြုလုပ်နေတုန်းလို့ အသင်းဥက္ကဋ္ဌက ပြောထားပါတယ်။


