
အိန္ဒိယဟာ သူ့ရဲ့ ကိုယ်ပိုင်စီးပွားရေး အကျိုးစီးပွားတွေ သေချာစေဖို့ အကျိုးအမြတ်ရှိတဲ့နေရာမှာ ရေနံကို ဆက်ဝယ်မယ်လို့ ရုရှားသမ္မတနန်းတော် ကရင်မလင်က ဒီဇင်ဘာ ၈ ရက်မှာ ပြောပါတယ်။
ရုရှားကနေ ရေနံဝယ်တာဟာ ယူကရိန်းနိုင်ငံကို ရုရှားက ကျူးကျော်နေတဲ့ စစ်ပွဲကို ရန်ပုံငွေထောက်ပံ့ဖို့ ကူညီပေးနေတယ်လို့ အမေရိကန်အစိုးရက ပြောထားတာပါ။
ရုရှားကနေ ရေနံဝယ်ယူမှုအတွက် အိန္ဒိယအစိုးရကို အပြစ်ပေးဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က သြဂုတ်လမှာ အိန္ဒိယကုန်ပစ္စည်းတွေအပေါ် အခွန်တွေကို ၅၀ ရာခိုင်နှုန်းအထိ နှစ်ဆတိုးမြှင့်ခဲ့ပါတယ်။
ပြီးခဲ့တဲ့အပတ်က နယူးဒေလီမြို့တော်ဆီ သွားလည်ချိန်မှာ ရုရှားသမ္မတ ဗလာဒီမာ ပူတင်က အိန္ဒိယကို လောင်စာဆီ အဆက်မပြတ် ထောက်ပံ့ဖို့ ကမ်းလှမ်းခဲ့ပါတယ်။
အိန္ဒိယဟာ အချုပ်အခြာ အာဏာပိုင် နိုင်ငံတခုအနေနဲ့ နိုင်ငံခြားကုန်သွယ်ရေးလုပ်ငန်းတွေကို ဆောင်ရွက်ပြီး အိန္ဒိယအတွက် အကျိုးရှိစေတဲ့နေရာကနေ စွမ်းအင်အရင်းအမြစ်တွေကို ဝယ်တာပါ။
ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ ဒမစ်ထရီ ပဲ့စ်ကို့ဗ်က “ကျနော်တို့ နားလည်သလောက် အိန္ဒိယမိတ်ဖက်တွေဟာ သူတို့ရဲ့ စီးပွားရေးအကျိုးစီးပွားတွေ သေချာစေဖို့ ဒီမူဝါဒကို ဆက်ဆွဲကိုင်သွားလိမ့်မယ်” လို့ သတင်းထောက်တွေကို ပြောပါတယ်။
Source: Reuters


