
ရုရှားတရားရုံးဟာ အမေရိကန် ရေတပ်သားဟောင်း ရောဘတ် ဂီလ်မန်းကို အကျဉ်းထောင် ဝန်ထမ်းတွေအပေါ် ကိုယ်ထိလက်ရောက် ကျူးလွန်မှုနဲ့ ပြစ်ဒဏ်ချမှတ်ခဲ့ပြီး နောက်ထပ် ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့တဲ့အတွက် အစုစုပေါင်း ထောင်ဒဏ် ၁၀ နှစ် ကျခံရတော့မယ်လို့ နိုင်ငံပိုင်မီဒီယာ TASS သတင်းဌာနက ထုတ်ပြန်ပါတယ်။
ဂီလ်မန်းက အယူခံဝင်မှာမဟုတ်ကြောင်း သူ့ရဲ့ရှေ့နေ အီရီနာ ဘရာဇနီကိုဗာကို ကိုးကားပြီး TASS က ပြောပါတယ်။
အမေရိကန် ရေတပ်သားဟောင်း ဂီလ်မန်းဟာ ၂၀၂၂ ခုနှစ်တုန်းက အရက်မူးနေချိန်မှာ ရဲအရာရှိ တယောက်ကို ကိုယ်ထိလက်ရောက် ကျူးလွန်မှုနဲ့ ပထမဆုံး ထောင်ဒဏ်ချမှတ်ခံခဲ့ရပြီး ထောင်အရာရှိတွေနဲ့ ပြည်နယ်စုံစမ်းစစ်ဆေးရေးမှူးတယောက်ကို ကိုယ်ထိလက်ရောက် ကျူးလွန်မှုနဲ့ နောက်ထပ် ပြစ်ဒဏ်ချမှတ်ခံရပြီးနောက် ၂၀၂၄ ခုနှစ်မှာ သူ့ရဲ့ပြစ်ဒဏ်ကို ထပ်တိုးမြှင့်ခဲ့ပါတယ်။
ထောင်ဝန်ထမ်းတွေကို ကိုယ်ထိလက်ရောက် ကျူးလွန်မှုနဲ့ သက်ဆိုင်တဲ့ နောက်ဆုံး စွဲချက်တွေကိုလည်း ဂီလ်မန်းက ငြင်းဆိုခြင်းမရှိပါဘူး။
ဂီလ်မန်းဟာ သူ့ကို ကောင်းကောင်းမွန်မွန် ဆက်ဆံပြီး ဆွေမျိုးတွေဆီကနေ ပါဆယ်တွေ ရနိုင်တယ်လို့ ပြောတဲ့ ဗရိုညက်ရှ်မြို့က ထိန်းသိမ်းရေးစခန်းကနေ လုံခြုံရေးအမြင့်ဆုံး အကျဉ်းထောင်ကို ပြောင်းရွှေ့ခံရမယ်လို့ ခြိမ်းခြောက်ခံရပြီးနောက်မှာ ထောင်စည်းမျဉ်းတွေကို စတင်ချိုးဖောက်ခဲ့တယ်လို့ ကွန်မျူးဆန့် သတင်းစာက ဂီလ်မန်းရဲ့ ပြောကြားချက်ကို ကိုးကား ဖော်ပြခဲ့ပါတယ်။
ရေတပ်မှာ တာဝန်ထမ်းဆောင်ပြီးနောက် အင်္ဂလိပ်စာဆရာ ဖြစ်လာတဲ့ ဂီလ်မန်းဟာ ၂၀၂၄ ခုနှစ်နဲ့ အခုနှစ်အစောပိုင်းက အမေရိကန်-ရုရှား အကျဉ်းသားလဲလှယ်မှုတွေ အပြီးမှာ ရုရှားက ထောင်တွေထဲမှာ ကျန်ရှိနေသေးတဲ့ အမေရိကန် ၉ ယောက်ထဲက တယောက်ဖြစ်ပါတယ်။
Source: Reuters


