
ရုရှားသမ္မတ ဗလာဒီမာပူတင်က အိန္ဒိယနိုင်ငံကို ၂ ရက်တာ ခရီးစဉ်အဖြစ် ရောက်လာခဲ့ပြီး ဝန်ကြီးချုပ် နာရန်ဒြာ မိုဒီနဲ့ တွေ့ဆုံသွားဖို့ ရှိနေပါတယ်။
အဲဒီခရီးစဉ်အတွင်း နှစ်နိုင်ငံကြား ထိပ်သီးအစည်းအဝေးတရပ် ကျင်းပသွားမှာဖြစ်သလို ပူတင်နဲ့ မိုဒီ တို့ကလည်း သဘောတူညီချက်များစွာကို လက်မှတ်ရေးထိုးသွားဖို့ ရှိနေပါတယ်။
ယူကရိန်းအပေါ် အလုံးစုံကျူးကျော်မှု မစတင်ခင် ရုရှားဆီက အိန္ဒိယရဲ့ ရေနံဝယ်ယူမှုဟာ ၂ ဒသမ ၅ ရာခိုင်နှုန်းသာရှိခဲ့ပြီး လက်ရှိမှာတော့ ၃၅ ရာခိုင်နှုန်းအထိကို တက်လာခဲ့ပါတယ်။
ရုရှားဟာ အရေးယူပိတ်ဆို့မှုတွေ အပါအဝင် ဥရောပဈေးကွက်ဝင်ခွင့်ပါ ကန့်သတ်ခံထားရတာကြောင့် ရေနံကို ဈေးလျှော့ရောင်းနေပြီး အိန္ဒိယက အမြောက်အမြား ဝယ်ယူနေခဲ့တာပါ။
ဒါ့အပြင် အိန္ဒိယဟာ ကမ္ဘာ့တတိယအကြီးဆုံး ရေနံစိမ်းသုံးစွဲရာနိုင်ငံ ဖြစ်တဲ့အလျောက် အခုလိုမျိုး ရုရှားဆီကနေ ပမာဏအများအပြားကို ဝယ်ယူနေရတာ ဖြစ်ပါတယ်။
တချိန်တည်းမှာ အမေရိကန်အစိုးရက အိန္ဒိယရဲ့ ရုရှားရေနံဝယ်ယူမှုကို ရပ်တန့်ဖို့ ဖိအားပေးနေခဲ့သလို ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေးအတွက် ဆွေးနွေးပွဲတွေလည်း ဆက်တိုက်ပြုလုပ်နေပါတယ်။
ဒါကြောင့် အိန္ဒိယကုမ္ပဏီတွေဟာ ရုရှားဆီက ရေနံဝယ်ယူမှုကို လျှော့ချနေပြီ ဖြစ်ပေမဲ့လည်း တခြားကဏ္ဍတွေမှာ နှစ်နိုင်ငံကုန်သွယ်ရေး မြှင့်တင်ဖို့အတွက် ကြိုးပမ်းနေ ပါတယ်။
အဲဒီနောက် အလွယ်ကူဆုံးသော တခြားရွေးချယ်စရာဟာ ကာကွယ်ရေးကဏ္ဍ ဖြစ်လာခဲ့ပြီး အိန္ဒိယနိုင်ငံဆီ ရုရှားလက်နက်တွေကို ရောင်းချနိုင်ရေးက နောက်ထပ် ဦးစားပေးကိစ္စရပ် ဖြစ်လာခဲ့ပါတယ်။
၂၀၁၀ ကနေ ၂၀၁၅ အတွင်း အိန္ဒိယရဲ့ ရုရှားကာကွယ်ရေးပစ္စည်း ဝယ်ယူတင်သွင်းနေမှုဟာ အမြင့်ဆုံး ၇၂ ရာခိုင်နှုန်းအထိ ရှိခဲ့ပေမဲ့လည်း ၂၀၂၄ အရောက်မှာတော့ ၃၆ ရာခိုင်နှုန်းကို ကျဆင်းသွားခဲ့ပါတယ်။
ယူကရိန်းစစ်ပွဲကြောင့် လုပ်သားရှားပါးမှုဒဏ်နဲ့ပါ ရင်ဆိုင်နေရတဲ့ ရုရှားက အိန္ဒိယကို အဖိုးတန် အရင်းအမြစ်တခုအဖြစ် ရှုမြင်ထားပါတယ်။
၂၀၂၀ ပြည့်နှစ်အတွင်း နှစ်နိုင်ငံကြား ကုန်သွယ်မှုဟာ ဒေါ်လာ ၈ ဒသမ ၁ ဘီလီယံသာ ရှိခဲ့ရာကနေ ၂၀၂၅ မတ်လအကုန်မှာတော့ ဒေါ်လာ ၆၈ ဒသမ ၇၂ ဘီလီယံအထိ မြင့်တက်လာပါတယ်။
အိန္ဒိယဟာ စီးပွားရေးဖွံ့ဖြိုးမှုနှုန်း ၈ ရာခိုင်နှုန်းကျော်နဲ့ ကမ္ဘာပေါ်မှာ အလျင်မြန်ဆုံး တိုးတက်နေတဲ့ စီးပွားရေးအင်အားကြီးနိုင်ငံ ဖြစ်တဲ့အလျောက် ရုရှားအတွက် မျက်စိကျစရာ ဖြစ်လာခဲ့ပါတယ်။
ဆယ်စုနှစ်များစွာကြာအောင် အိန္ဒိယနဲ့ ရုရှားဟာ ရင်းနှီးတဲ့ မဟာမိတ်တွေအဖြစ် ရပ်တည်ခဲ့ကြသလို မိုဒီနဲ့ ပူတင်ကြားမှာလည်း ဆက်ဆံရေးကောင်းမွန်လျက် ရှိပါတယ်။
အခုလိုမျိုး မိုဒီဟာ ပူတင်နဲ့ နီးကပ်တဲ့ဆက်ဆံရေး ရှိထားပေမဲ့လည်း အနောက်နိုင်ငံတွေနဲ့ပါ ဆက်ဆံရေးမပျက်အောင် ထိန်းသိမ်းထားနိုင်တာ တွေ့ရပါတယ်။
Source: Reuters


