
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ အမျိုးသားလုံခြုံရေးမဟာဗျူဟာသစ်ကို ရုရှားက ကြိုဆိုလိုက်ပြီး ဒါဟာ မော်စကိုရဲ့ မျှော်မှန်းချက်တွေနဲ့ အများအားဖြင့် ကိုက်ညီမှုရှိတယ်လို့ တုံ့ပြန်လိုက်ပါတယ်။
အစိုးရက ထုတ်ပြန်လိုက်တဲ့ စာမျက်နှာ ၃၃ မျက်နှာပါ ဒီမဟာဗျူဟာမှာ ဥရောပဟာ “ယဉ်ကျေးမှုဆိုင်ရာ တိမ်ကောပပျောက်ခြင်း”နဲ့ ရင်ဆိုင်နေရတယ်လို့ သုံးသပ်ထားပါတယ်။
ရုရှားကို ခြိမ်းခြောက်မှုအဖြစ် မသတ်မှတ်တော့ဘဲ သမ္မတထရမ့်ပ်ရဲ့ မျှော်မှန်းချက်ကို ပြောင်းလွယ်ပြင်လွယ်ရှိတဲ့ လက်တွေ့ ပဓာနဝါဒအဖြစ် ဖော်ပြထားပါတယ်။
ဒါ့အပြင် အနောက်ကမ္ဘာခြမ်းကို အမေရိကန်ရဲ့ လွှမ်းမိုးမှုနယ်မြေအဖြစ် သတ်မှတ်ခဲ့တဲ့ ၅ ဆက်မြောက် အမေရိကန်သမ္မတ ဂျိမ်းစ်မွန်ရိုးရဲ့ မွန်ရိုးဝါဒကို ပြန်လည်အသက်သွင်းဖို့လည်း တိုက်တွန်းထားပါတယ်။
အစီရင်ခံစာမှာ “အနောက်ကမ္ဘာရဲ့ ဝိသေသလက္ခဏာ” ကို ပြန်လည်ဖော်ဆောင်ဖို့ တောင်းဆိုထားပြီး ဥရောပဟာ နောက်နှစ် ၂၀ အတွင်း မမှတ်မိနိုင်လောက်အောင် ဖြစ်သွားတော့မယ်လို့ သတိပေးထားပါတယ်။
ကရင်မလင် ပြောခွင့်ရပုဂ္ဂိုလ် ဒီမီထရီ ပက်စ်ကော့ဗ်ကတော့ “ဒီပြုပြင်မှုတွေဟာ ကျုပ်တို့ရဲ့ မျှော်မှန်းချက်နဲ့ အများအားဖြင့် ကိုက်ညီမှုရှိပါတယ်။ ဒါကို အပြုသဘောဆောင်တဲ့ ခြေလှမ်းတရပ်လို့ ယူဆပါတယ်” လို့ မှတ်ချက်ပေးခဲ့ပါတယ်။
NATO စစ်မဟာမိတ်အဖွဲ့ကို အမြဲတမ်းတိုးချဲ့နေတဲ့ အဖွဲ့အစည်းအဖြစ် ရှုမြင်တာမျိုး အဆုံးသတ်မယ်ဆိုတဲ့ အချက်ကိုလည်း ရုရှားဘက်က အားပေး လက်ခံထားပါတယ်။
ဥရောပတာဝန်ရှိသူ အများအပြားကတော့ ဒီမူဝါဒဟာ ရုရှားကသုံးတဲ့ အသုံးအနှုန်းတွေနဲ့ တူညီနေပြီး ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး အမေရိကန်ရဲ့ ရပ်တည်ချက်ကို အားပျော့သွားစေနိုင်တယ်လို့ ဝေဖန်နေကြပါတယ်။
Source: Reuters


