
အမေရိကန်နဲ့ ယူကရိန်း ကိုယ်စားလှယ်အဖွဲ့တွေဟာ အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါပြည်နယ်၊ မိုင်ယာမီမြို့က ၃ ရက်ကြာ ဆွေးနွေးပွဲတွေကို ဒီဇင်ဘာ ၆ ရက်မှာ အဆုံးသတ်ခဲ့ပြီး နှစ်ဖက်စလုံးက ယူကရိန်းအတွက် နယ်မြေပြဿနာတွေနဲ့ အမေရိကန်ရဲ့ လုံခြုံရေးအာမခံချက်တွေကို အာရုံစိုက်ခဲ့တယ်လို့ အမေရိကန် အွန်လိုင်းမီဒီယာမှာ ဖော်ပြပါတယ်။
ရုရှားဟာ ယူကရိန်းကို လက်ရှိထိန်းချုပ်ထားတဲ့ ဒွန်ဘတ်စ်ဒေသတွေကနေ ဆုတ်ခွာဖို့ ဆက်တောင်းဆိုနေချိန်မှာ အမေရိကန်က ကွာဟချက်ကို ဖြည့်ဆည်းဖို့ အကြံဉာဏ်အသစ်တွေ တီထွင်ဖို့ ကြိုးစားနေလို့ နယ်မြေဆိုင်ရာ ဆွေးနွေးမှုက ခက်ခဲတယ်လို့ သတင်းရင်းမြစ်တွေက အက်ခ်စီရော့စ်သတင်းဌာနကို ပြောပါတယ်။
နောက်ထပ် အဓိကအကြောင်းအရာတခုက ယူကရိန်းအစိုးရအတွက် အမေရိကန်ရဲ့ လုံခြုံရေးအာမခံချက်ဖြစ်ပြီး နှစ်ဖက်စလုံးက သိသာထင်ရှားတဲ့ တိုးတက်မှု ရရှိခဲ့ပြီး သဘောတူညီချက်ရဖို့ ပိုနီးလာပြီလို့ ဆိုပါတယ်။
ဒါပေမဲ့ အစီရင်ခံစာအရ နှစ်ဖက်စလုံးက မူကြမ်းမူဘောင်ကို တသမတ်တည်း အဓိပ္ပာယ်ဖွင့်ဆိုနိုင်စေဖို့ နောက်ထပ် ဆောင်ရွက်ချက်တွေ လုပ်ဖို့လိုတယ်လို့ သိရပါတယ်။
မိုင်ယာမီဆွေးနွေးပွဲတွေဟာ ယူကရိန်းသမ္မတ ဇလန်းစကီးက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ ငြိမ်းချမ်းရေးဆိုင်ရာ အထူးသံတမန် စတိဗ်ဝစ်ကော့ဖ်နဲ့ ထရမ့်ပ်ရဲ့သမက် ဂျရဒ်ကုရှ်နာတို့ကြား ၂ နာရီကြာ ဖုန်းခေါ်ဆိုပြီး အဆုံးသတ်ခဲ့တယ်လို့ ဇလန်းစကီးက ပြောပါတယ်။
ယူကရိန်းရဲ့ ငြိမ်းချမ်းရေးညှိနှိုင်းရေးမှူးတွေဖြစ်တဲ့ အမျိုးသားလုံခြုံရေးနဲ့ ကာကွယ်ရေးကောင်စီ အတွင်းရေးမှူး ရပ်စ်တမ်အူညာရော့ဗ်နဲ့ စစ်ဦးစီးချုပ် အန်ဒရေဟူနာတို တို့လည်း စကားဝိုင်းမှာ ပါဝင်ဆွေးနွေးခဲ့ကြပါတယ်။
ဇလန်းစကီးက ဖုန်းခေါ်ဆိုမှုကို ရှည်လျားပြီး အနှစ်သာရရှိတယ်လို့ X လူမှုကွန်ရက်ပေါ်မှာ ဖော်ပြခဲ့ပြီး နှစ်ဖက်စလုံးဟာ သွေးထွက်သံယိုမှုကို အဆုံးသတ်ဖို့လိုတဲ့ အဓိကအချက်တွေကို ဆွေးနွေးခဲ့တယ်လို့ ထောက်ပြခဲ့ပါတယ်။
ယူကရိန်းဟာ အမေရိကန်နဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးရဖို့ ကောင်းမွန်တဲ့ ယုံကြည်ချက်နဲ့ လုပ်ဆောင်ဖို့ ကတိကဝတ်ပြုထားဆဲ ဖြစ်တယ်လို့ ဇလန်းစကီးက အလေးပေး ပြောကြားခဲ့ပြီး နှစ်ဖက်စလုံးဟာ ဆက်ဆွေးနွေးဖို့ နောက်ထပ်ခြေလှမ်းတွေနဲ့ ပုံစံတွေကို သဘောတူခဲ့တယ်လို့ ပြောပါတယ်။
ယူကရိန်းညှိနှိုင်းရေးအဖွဲ့ဟာ တနင်္လာနေ့မှာ ဥရောပကို ပြန်လာဖို့ မျှော်လင့်ရပြီး အမေရိကန်ရဲ့ နောက်ဆုံးအဆိုပြုချက်တွေအကြောင်း ဇလန်းစကီးက လန်ဒန်မှာ ရှင်းလင်းတင်ပြဖို့ မျှော်လင့်နေကြပါတယ်။
Source: Reuters


