
အိန္ဒိယနိုင်ငံဟာ ဂျပန်ကိုကျော်ပြီးတော့ ကမ္ဘာ့စတုတ္ထ စီးပွားရေးအင်အားကြီးနိုင်ငံ ဖြစ်လာပြီလို့ အိန္ဒိယအစိုးရရဲ့ တနှစ်တာစီးပွားရေးသုံးသပ်ချက်စစ်တမ်းအရ သိရပါတယ်။
အိန္ဒိယဟာ အရင်က ကမ္ဘာ့ပဥ္စမမြောက် စီးပွားရေးအင်အားကြီးနိုင်ငံအဖြစ် ရှိနေရာကနေ အခုအချိန်မှာတော့ စတုတ္ထအင်အားအကြီးဆုံးနိုင်ငံဖြစ်တဲ့ ဂျပန်ရဲ့နေရာကို ဝင်ယူလိုက်တာလည်း ဖြစ်ပါတယ်။
လက်ရှိအတိုင်းသွားမယ်ဆိုရင် အိန္ဒိယဟာ လာမဲ့ ၃ နှစ်အတွင်း လက်ရှိ တတိယနေရာမှာရှိတဲ့ ဂျာမနီကိုလည်း ကျော်တက်ပြီးတော့ အမေရိကန်နဲ့ တရုတ်ရဲ့နောက် ကမ္ဘာ့တတိယနေရာ ရောက်လာမယ်လို့ ခန့်မှန်းထားပါတယ်။
စစ်တမ်းတွေအရ အိန္ဒိယရဲ့ ပြည်တွင်းအသားတင်ကုန်ထုတ်လုပ်မှု (GDP) တန်ဖိုးဟာ ဒေါ်လာ ၄ ဒသမ ၁၈ ထရီလျံအထိ ရောက်ရှိခဲ့ပြီး ၂၀၃၀ ပြည့်နှစ်မှာ ၇ ဒသမ ၃ ထရီလျံအထိ ရောက်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။
၂၀၂၅-၂၆ ဘဏ္ဍာရေးနှစ် ဒုတိယ ၃ လပတ်မှာဆိုရင် အိန္ဒိယရဲ့ စီးပွားရေးတိုးတက်မှုနှုန်းဟာ ၈ ဒသမ ၂ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပါတယ်။
ပြည်တွင်းဝယ်လိုအား ကောင်းမွန်တာနဲ့ အင်ဂျင်နီယာပစ္စည်း၊ အီလက်ထရောနစ်နဲ့ ဆေးဝါးကုန်ပစ္စည်း တင်ပို့မှုတွေ မြင့်တက်လာတာက စီးပွားရေးကို တွန်းအားဖြစ်စေခဲ့ပါတယ်။
ဒါပေမဲ့ ပြည်သူတဦးချင်း ဝင်ငွေမှာတော့ ဂျပန်နဲ့ ဂျာမနီတို့ထက် အဆပေါင်းများစွာ နည်းပါးနေသေးတယ်လို့ ကမ္ဘာ့ဘဏ် စာရင်းတွေမှာ ဖော်ပြထားပါတယ်။
အိန္ဒိယလူဦးရေ ၁ ဒသမ ၄ ဘီလီယံရဲ့ လေးပုံတစ်ပုံကျော်ဟာ အသက် ၁၀ နှစ်ကနေ ၂၆ နှစ်အရွယ် လူငယ်တွေ ဖြစ်ကြပါတယ်။
ဒါကြောင့် လူငယ်သန်းပေါင်းများစွာအတွက် လစာကောင်းတဲ့ အလုပ်အကိုင်တွေ ဖန်တီးပေးဖို့ စိန်ခေါ်မှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။
ဝန်ကြီးချုပ် နာရိန္ဒြာမိုဒီ ကလည်း စီးပွားရေးတိုးတက်ဖို့အတွက် အခွန်လျှော့ချတာနဲ့ အလုပ်သမားဥပဒေ ပြုပြင်ပြောင်းလဲတာတွေကို လုပ်ဆောင်နေပါတယ်။
Source: Reuters


