
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းဟာ သမီးဖြစ်သူ ကင်မ်ဂျူအေးကို မကြာခင် တရားဝင်ဆက်ခံသူအဖြစ် အတည်ပြုတော့မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။
ကင်မ်ဂျုံအန်းဟာ ဇန်နဝါရီ ၁ ရက်မှာ ဇနီးဖြစ်သူ ရီဆိုးလ်ဂျူ၊ သမီးဖြစ်သူ ကင်မ်ဂျူအေး တို့နဲ့အတူ ကွမ်ဆူဆန် နေနတ်မင်းဗိမာန်ကို သွားရောက်ဂါရဝပြုခဲ့ပါတယ်။
ဒါဟာ ကင်မ်ဂျူအေး အနေနဲ့ အဘေးဖြစ်သူ ကင်မ်အီဆွန်းနဲ့ အဘိုးဖြစ်သူ ကင်မ်ဂျုံအီ ခေါင်းဆောင်ကြီးတွေရဲ့ ရုပ်အလောင်းတွေ ထားရှိရာ ဗိမာန်ကို ပထမဆုံးအကြိမ် လူသိရှင်ကြား လိုက်ပါခွင့်ရတာ ဖြစ်ပါတယ်။
ဒီခရီးစဉ်ကြောင့် ဖခင်နေရာဆက်ခံရေးကို မကြာခင် တရားဝင် အတည်ပြုတော့မယ်ဆိုတဲ့ သုံးသပ်ချက်တွေ ထွက်ပေါ်လာနေပါတယ်။
လာမဲ့ ပါတီညီလာခံမှာ သမီးဖြစ်သူကို ဆက်ခံသူအဖြစ် တရားဝင်ကြေညာဖို့ ပြင်ဆင်တဲ့ ခြေလှမ်းတခု ဖြစ်တယ်လို့ ဆယ်ဂျုံ အင်စတီကျုက ဒုတိယဥက္ကဋ္ဌ ချောင်ဆောင်းချန်းက သုံးသပ်ထားပါတယ်။
မြောက်ကိုရီးယားအရေးလေ့လာသုံးသပ်သူ တောင်ကိုရီးယားနိုင်ငံသား ဟုန်မင် ကတော့ ကင်မ်ဂျုံအန်း အနေနဲ့ မိသားစု တည်ငြိမ်အေးချမ်းမှုရှိတဲ့ ပုံရိပ်ကို ပြသချင်တဲ့သဘောသာ ဖြစ်တယ်လို့ ဆိုပါတယ်။
အသက် ၁၃ နှစ်လောက်သာ ရှိသေးတဲ့ ကင်မ်ဂျူအေးဟာ ပါတီဝင်ဖို့တောင် အသက်မပြည့်သေးတာကြောင့် ဆက်ခံသူအဖြစ် သတ်မှတ်ဖို့ မဖြစ်နိုင်သေးဘူးလို့လည်း ဟုန်မင်က ထောက်ပြထားပါတယ်။
ကင်မ်ဂျူအေးဟာ ပြီးခဲ့တဲ့ ၃ နှစ်အတွင်း နိုင်ငံပိုင်မီဒီယာတွေမှာ ပိုမိုပါဝင်လာခဲ့ပြီး စက်တင်ဘာလတုန်းကလည်း ပေကျင်းမြို့ကို ဖခင်နဲ့အတူ လိုက်ပါသွားခဲ့ပါသေးတယ်။
Source: Reuters


