
ခရစ္စမတ်ကာလအတွင်း ဂျာမနီနိုင်ငံ အနောက်ပိုင်းရှိ ဂဲလ်ဇန်ကီယာရှန်မြို့ရှိ ဘဏ်တခုမှာ ဓားပြတိုက်မှုတခု ဖြစ်ပြီးနောက် စုံစမ်းစစ်ဆေးမှု ပြုလုပ်နေကြောင်း ဂျာမန်ရဲတပ်ဖွဲ့က ဒီဇင်ဘာ ၃၁ ရက်မှာ ပြောပါတယ်။
သူခိုးတွေဟာ အားလပ်ရက်ကာလကို အသုံးချပြီး ဘူးယာရပ်ကွက်ရှိ ငွေစုဘဏ်ရဲ့ ဘဏ္ဍာတိုက်ထဲကို ဖောက်ထွင်းဝင်ရောက်ကာ အနည်းဆုံး ယူရို ၁၀ သန်းတန်ဖိုးရှိ ငွေကြေးတွေနဲ့ ဖောက်သည်တွေ အပ်နှံထားတဲ့ မီးခံသေတ္တာတွေထဲမှ အဖိုးတန်ပစ္စည်းတွေကို ခိုးယူခဲ့ကြပါတယ်။
ဂျာမနီနိုင်ငံရှိ ဈေးဆိုင်အများစုနဲ့ ဘဏ်တွေဟာ ဒီဇင်ဘာ ၂၄ ရက် ညနေပိုင်းကစလို့ ခရစ္စမတ်ကာလအတွင်း ပိတ်သိမ်းလေ့ရှိပြီး ဒီဇင်ဘာ ၂၉ ရက် အစောပိုင်းမှာ မီးအချက်ပေးသံ မြည်ပြီးနောက်မှ ရဲတွေဟာ အပေါက်ကို ရှာတွေ့ခဲ့ကြတာပါ။
ဂဲလ်ဇန်ကီယာရှန် ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ ထောမတ်စ်နိုးဗာချိခ်က “တနင်္လာနေ့မနက်မှာ ဂဲလ်ဇန်ကီယာရှန် ငွေစုဘဏ်မှာ မီးအချက်ပေးသံကြောင့် ရဲတပ်ဖွဲ့နဲ့ မီးသတ်တပ်ဖွဲ့ကို အခင်းဖြစ်ပွားရာကို စေလွှတ်ခဲ့ပါတယ်။ ဒါပေမဲ့ ကျနော်တို့ တွေ့ရှိခဲ့တာ မီးလောင်မှု မဟုတ်ဘဲ ဖောက်ထွင်းဝင်ရောက်မှုပါ” လို့ ပြောပါတယ်။
သူခိုးတွေအတွက် အကြီးမားဆုံးအားသာချက်ကတော့ ခရစ္စမတ်အားလပ်ရက်တွေနဲ့ နောက်ဆက်တွဲ အားလပ်ရက်တွေ ရှိနေတာပါပဲလို့ ဂဲလ်ဇန်ကီယာရှန် ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ထောမတ်စ် နိုးဗာချိခ်က ပြောပါတယ်။
ရာဇဝတ်သားတွေဟာ ဘဏ်ရဲ့ အနောက်ဘက်မှာရှိတဲ့ မြေအောက်ကားပါကင် ကနေတဆင့် ဝင်ရောက်ခွင့်ရခဲ့ကြပြီး အဲဒီမှာ မြေအောက်ဝင်ပေါက်တခု ရှိနေတာပါလို့လည်း ဆိုပါတယ်။
တွေ့ရှိချက်တွေအရ မြေအောက်ထပ်မှာရှိတဲ့ ဘဏ္ဍာတိုက်ကြီးတခုကို ဖောက်ထွင်းတာ ဒါမှမဟုတ် အနောက်ဘက် ဒါမှမဟုတ် ဘေးနံရံကနေ တူးဖော်ပြီး ဝင်ရောက်ခဲ့တာလို့ ပြောနိုင်ပါတယ်။
သူတို့ဟာ မီးခံသေတ္တာအများအပြားကို ဖောက်ထွင်းပြီးတော့ အဲဒီထဲမှာ သိမ်းဆည်းထားတဲ့ ပစ္စည်းအများစုကို ယူဆောင်သွားတယ်လို့ ဆိုပါတယ်။
စုံစမ်းစစ်ဆေးမှုကို အပြည့်အဝ လုပ်ဆောင်နေတယ်လို့ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ နိုးဗာချိခ်က ပြောဆိုပါတယ်။ သံသယရှိသူတွေကို ပြသထားတဲ့ ကနဦး ဗီဒီယိုမှတ်တမ်းတွေကို ရရှိထားပြီး ထွက်ပြေးသွားတဲ့ ကားတစီးကိုလည်း ဖော်ထုတ်နိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။
ဒီဇင်ဘာ ၃၀ ရက်မှာ ဒေါသထွက်နေကြတဲ့ ဖောက်သည်အများအပြားဟာ ဘဏ်ရှေ့မှာ စုဝေးခဲ့ကြပြီး သူတို့ရဲ့ အဖိုးတန်ပစ္စည်းတွေရဲ့ အခြေအနေနဲ့ပတ်သက်ပြီး ရှင်းလင်းချက်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
ငွေကြေးနဲ့ပစ္စည်းတွေ အပ်နှံထားသူတွေဟာ သူတို့ရဲ့ အဖိုးတန်ပစ္စည်းတွေ ဘယ်လိုဖြစ်သွားသလဲ ဆိုတာကို စိတ်ဝင်စားနေကြပြီး ရဲတပ်ဖွဲ့နဲ့ ဘဏ်က ဒီအခြေအနေကို ရှင်းလင်းပေးနိုင်ဖို့ အစွမ်းကုန်ကြိုးစားနေကြောင်းနဲ့ ထိခိုက်နစ်နာရသူ အရေအတွက် များပြားတဲ့အတွက် အချိန်အလွန်ကြာမြင့်မှာကို နားလည်ပေးဖို့လည်း တောင်းဆိုပါကြောင်း ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ နိုးဗာချိခ်က ပြောပါတယ်။
Source: Reuters


