
တောင်အာဖရိကအစိုးရဟာ ပါလက်စတိုင်းခရီးသည်တွေကို တင်ဆောင်လာတဲ့လေယာဉ် ရောက်ရှိလာမှုကို စုံစမ်းစစ်ဆေးနေကြောင်း တောင်အာဖရိကနိုင်ငံခြားရေးဝန်ကြီး ရော်နယ်လ် လာမိုလာက နိုဝင်ဘာ ၁၇ ရက်မှာ ပြောကြားခဲ့ပြီး အဲဒီကိစ္စဟာ “အသေအချာလေး စုံစမ်းစစ်ဆေးရမယ့်” စိုးရိမ်မှုတခုပါလို့ သူကဆိုပါတယ်။
အာဏာပိုင်တွေဟာ လေယာဉ်ရောက်ရှိလာမှုနဲ့ လေယာဉ်ပေါ်မှာ ပါလာတဲ့ ခရီးသည်တွေနဲ့ ပတ်သက်နေတဲ့ အခြေအနေတွေအပေါ် သံသယရှိနေပါတယ်လို့ ဂျိုဟန်နက်စ်ဘာ့ဂ်မှာ ပြုလုပ်တဲ့ မီဒီယာရှင်းလင်းပွဲမှာ လာမိုလာက ပြောပါတယ်။
ပါလက်စတိုင်းလူမျိုးတွေကို ပါလက်စတိုင်းကနေ ဖယ်ထုတ်ဖို့ ကမ္ဘာ့နေရာ အနှံ့အပြားကို ရွှေ့ပြောင်းတဲ့ ပိုကျယ်ပြန့်တဲ့ အစီအစဉ်တခုကို ကိုယ်စားပြုပုံရကြောင်း သူက ဆိုပါတယ်။
ပါလက်စတိုင်းတွေကို တောင်အာဖရိကကိုသာမက တခြားနိုင်ငံတွေမှာလည်း ဆင်းသက်ခဲ့တဲ့ အလားတူ လေယာဉ်တွေ ရှိနေတာကြောင့် ဒါက စနစ်တကျစီစဉ်ထားတဲ့ စစ်ဆင်ရေးတခု ဖြစ်တယ်ဆိုတာ ထင်ရှားနေကြောင်းလည်း ဆိုပါတယ်။
ဒါကြောင့် စုံစမ်းစစ်ဆေးနေဆဲကိစ္စဖြစ်ပြီး တောင်အာဖရိကကို နောက်ထပ် လေယာဉ်ရောက်ရှိလာမှုတွေကို ကန့်ကွက်ကြောင်းလည်း ထပ်လောင်း ပြောကြားခဲ့ပါတယ်။
စုံစမ်းစစ်ဆေးမှုရဲ့ တွေ့ရှိချက်တွေကို သင့်တော်တဲ့အချိန်မှာ ပြည်သူတွေနဲ့ မျှဝေသွားမယ်လို့လည်း လာမိုလာက မှတ်ချက်ပြုခဲ့ပါတယ်။
Source: Reuters


