
တောင်အာဖရိကနိုင်ငံက ဇူးလူးဘုရင်က သူနဲ့ ဇူးလူးနိုင်ငံတော်အပေါ် စော်ကားတယ် ဆိုပြီးတော့ ယဉ်ကျေးမှုပညာရှင် ပါမောက္ခတယောက်ကို ‘တုတ်ရေး’ ယှဉ်ဖို့ စိန်ခေါ်လိုက်ပါတယ်။
နှစ်ပတ်လည် ကျူပင်အကပွဲတော်အတွက် အသစ်တည်ဆောက်ထားတဲ့ တော်ဝင်နန်းတော်မှာ လူထောင်ချီ စုဝေးနေတဲ့အချိန် ဇူးလူးဘုရင် မီဆူဇူးလူး ကာဇွီလီသီနီက ပါမောက္ခ မူဆာ ဆူးလူးကို စိန်ခေါ်ခဲ့တာပါ။
ဘုရင်ရဲ့ စိန်ခေါ်မှုဟာ ဟာသလို့ပဲ မှတ်ယူပေမဲ့ တခြား ဇူးလူးတွေက တိုက်ခိုက်လာမှာကို စိုးရိမ်မိတယ်လို့ ပါမောက္ခက ဆိုပါတယ်။
၁၉၈၄ ခုနှစ်ကတည်းက ကျူပင်အကပွဲ ဆင်နွှဲခဲ့ရာ နန်းတော်ကို မွမ်းမံဖို့ တောင်အာဖရိ ရန်းငွေ ၁၅၂ သန်း (ဒေါ်လာ ၉ သန်း) တောင် သုံးပြီးကာမှ နန်းတော်အသစ်ကို ရွှေ့ခဲ့တဲ့ကိစ္စကို ပါမောက္ခ ဖြစ်သူက ဝေဖန်ခဲ့တာဖြစ်ပါတယ်။ ဒီအပေါ်မှာ ဘုရင်က မကျေနပ်လို့ ရိုးရာအတိုင်း တုတ်ရေး ယှဉ်ဖို့ စိန်ခေါ်ခဲ့တာ ဖြစ်ပါတယ်။
ပါမောက္ခကတော့ အစဉ်အလာအရ တုတ်ချင်းယှဉ်ခုတ်ဖို့ဆိုရင် ဘက်တူမှ ရမှာဖြစ်ပြီး သူက ဘုရင်နဲ့ ဘက်မတူတဲ့အတွက် ယှဉ်စရာမလိုဘူးလို့ တုံ့ပြန်ထားပါတယ်။
ဘုရင် မီဆူဇူးလူးဟာ ညီအစ်ကို ၂ ယောက်နဲ့ နန်းလုပြီးမှ တော်ဝင်မိသားစုကရော တောင်အာဖရိက အစိုးရကပါ အသိအမှတ်ပြုမှုနဲ့ ၂၀၂၂ မှာ ဇူးလူးဘုရင် ဖြစ်လာခဲ့တာပါ။
တောင်အာဖရိကမှာ ဇူးလူးဘုရင်ဟာ နိုင်ငံရေးအာဏာမရှိပေမဲ့ အစိုးရက တရားဝင် အသိအမှတ်အပြုခံထားရတဲ့ နန်းဆက်ဖြစ်ပါတယ်။
နိုင်ငံသား ၆၄ သန်းမှာ ငါးပုံတပုံဟာ ဇူးလူးလူမျိုးတွေဖြစ်တာနဲ့အညီ ဇူးလူးထီးနန်းဟာ လက်ရှိအချိန်အထိ ဩဇာရှိနေဆဲဖြစ်ပါတယ်။
ဇူးလူးထီးနန်းဟာ နှစ်စဉ် အခွန်ထမ်းပြည်သူတွေရဲ့ ဝင်ငွေနဲ့ ပံ့ပိုးပေးထားတဲ့ ဒေါ်လာ ၄ ဒသမ ၉ သန်း ဘတ်ဂျက်ကို ခံစားခွင့်ရှိပါတယ်။
ဇူးလူးဘုရင့်နိုင်ငံဟာ သမိုင်းအစဉ်အလာကြီးမားပြီး ၁၈၇၉၊ အီဆန်အီဝါနာ တိုက်ပွဲမှာ ဗြိတိသျှတပ်တွေကို နိုင်ခဲ့တဲ့အတွက် ကမ္ဘာမှာပါ ထင်ရှားခဲ့ပါတယ်။


