
ရန်ကုန်တိုင်းအတွင်း မြို့နယ်တချို့မှာ အာဏာသိမ်းစစ်ကောင်စီက နိုင်ငံတော်အလံတွေ အိမ်စေ့လွှင့်ထူရမယ်လို့ ရပ်ကွက်ရုံးကတဆင့် အမိန့်ပေး ညွှန်ကြားထားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ အလံစိုက်ထူခိုင်းထားတာလို့ သင်္ဃန်းကျွန်းမြို့နယ်၊ ငမိုးရိပ်ရပ်ကွက်မှာ နေထိုင်သူတယောက်က ပြောပါတယ်။
“တအိမ်ကို အလံတခုနှုန်း လွှင့်ထူရမယ်ဆိုပြီး ရပ်ကွက်ရုံးက လမ်းအလိုက် ကြော်ငြာဘုတ်မှာ ရေးပြီး အသိပေးထားတယ်။ မြို့နယ်ရဲ့ ညွှန်ကြားချက်အရ ဆိုပြီးလည်း ရေးထားတယ်။ အတင်းအကျပ်ကြီး အမိန့်လုပ်ခိုင်းတဲ့ ပုံပေါက်နေလို့ ရပ်ကွက်ထဲကသူတော်တော်များများက မကျေနပ်ကြဘူး။”
လှိုင်သာယာမြို့နယ်မှာလည်း ရပ်ကွက်အလိုက် နိုင်ငံအလံလွှင့်ထူဖို့ ဒီရက်ပိုင်းထဲမှာ အသိပေးလာတာ ရှိတယ်လို့လည်း ၂၀ ရပ်ကွက်မှာ နေထိုင်သူတယောက်က ဆိုပါတယ်။
အဲဒီလို ကာယကံရှင်ရဲ့ စိတ်ဆန္ဒ ပါပါ၊ မပါပါ မဖြစ်မနေ လိုက်နာဖို့ စေခိုင်းလာတဲ့အပေါ် ပြည်သူတွေကြားမှာ စိတ်မကျေလည်မှုတွေ ရှိနေတယ်လို့လည်း ပြောပါတယ်။
“ဒီလိုကြီးလုပ်ခိုင်းတာ အာဏာရှင်စရိုက်မှန်း ပေါ်လွင်တာပေါ့။ အများစုက သူတို့ခိုင်းတာ မလုပ်ချင်ဘူး။ မလုပ်ရင် ဘာဖြစ်မလဲဆိုတဲ့ အန္တရာယ်က ရှိနေသေးတော့ ဆုံးဖြတ်ရခက်နေတာမျိုးတွေ ဖြစ်နေတယ်။”
လက်ရှိမှာ အလံအိမ်စေ့လွှင့်ထူဖို့ပဲ ပြောထားပြီး အရွယ်အစားကို တပြေးညီ သတ်မှတ်ထားတာမျိုး မတွေ့ရဘူးလို့လည်း သူတို့က ပြောပါတယ်။
ဒါ့အပြင် ဘေးတွဲနဲ့ ဆိုင်ကယ် ကယ်ရီတွေကိုလည်း လွတ်လပ်ရေးနေ့ မတိုင်ခင်ကတည်းက အလံစိုက်ဖို့ စေခိုင်းထားတာတွေ ရှိတယ်လို့လည်း ကယ်ရီသမားတွေဆီက သိရပါတယ်။
မကွေးတိုင်း၊ အောင်လံမြို့မှာ အခုလို အိမ်တိုင်းအလံလွှင့်ဖို့ ဒီဇင်ဘာ လလယ်ပိုင်းလောက်ကတည်းက အသိပေး ညွှန်ကြားတာ ရှိခဲ့သလို ရပ်ကွက်ရုံးတွေကနေ အလံရောင်းချနေတယ်လို့ မြို့ခံတယောက်က ပြောပါတယ်။
လက်ရှိမှာလည်း ရန်ကုန်မြို့၊ ပြည်လမ်းမတလျှောက်မှာ စစ်ကောင်စီက နိုင်ငံအလံကို ချိတ်ဆွဲထားတာ ရှိပါတယ်။
ဒီလို အလံလွှင့်ထူခိုင်းတာက လွတ်လပ်ရေးနေ့ကို ကြိုဆိုဖို့ရည်ရွယ်ချက်ထက် စစ်ကောင်စီက သူတို့ရဲ့ သြဇာနဲ့ အာဏာထိန်းချုပ်ထားနိုင်မှု အခြေအနေကို ဆန်းစစ်တာမျိုး ဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။


