
မြန်မာအာဏာသိမ်းစစ်တပ်က ဒီဇင်ဘာ ၂၈ ရက်မှာ ရွေးကောက်ပွဲ ပထမပိုင်းကို စတင်ကျင်းပခဲ့ပါတယ်။ ဒီရွေးကောက်ပွဲကို လွတ်လပ်တဲ့မီဒီယာတွေက ပူးပေါင်းစောင့်ကြည့်မှု စကားဝိုင်းတခုကိုလည်း ထိုင်းနိုင်ငံမှာ ပြုလုပ်ခဲ့ပါတယ်။ ဒီပွဲမှာ ပါဝင်တက်ရောက်ခဲ့သလို နိုင်ငံရေး လေ့လာသုံးသပ်သူတယောက်လည်းဖြစ်တဲ့ ကိုထင်ကျော်အေးကို DVB သတင်းဌာန လက်ထောက်အယ်ဒီတာ မချစ်မွန်က ဆက်သွယ်မေးမြန်းထားပါတယ်။
(အပြည့်အစုံ)
မေး။ အာဏာသိမ်းစစ်တပ်က ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ရွေးကောက်ပွဲ ပထမပိုင်းကို မြို့နယ်ပေါင်း ၁၀၂ မြို့နယ်မှာ ကျင်းပခဲ့ပါတယ်။ ဒီရွေးကောက်ပွဲကျင်းပတဲ့နေ့ တနေ့တာ အခြေအနေကို ရှုမြင် သုံးသပ်ချက်တွေအရ ဘာတွေထူးခြားတာတွေရှိလဲ၊ ဘာတွေပြောပြစရာတွေ ရှိနေပါလဲရှင့်။
ဖြေ။ “ဒီနေ့ စစ်အုပ်စုပြုလုပ်တဲ့ အတုအယောင် ရွေးကောက်ပွဲ ပထမပိုင်းကို ဒီကနေ့ စတင်ကျင်းပတယ်။ ကျင်းပတဲ့အခါမှာလည်း ကျနော်တို့ ခန့်မှန်းကြသလိုပဲ ရွေးကောက်ပွဲမှာ မဲပေးတဲ့သူကတော့ သိသိသာသာ ထင်သာမြင်သာရှိတဲ့ပမာဏ ပိုနည်းပါးသွားတာ တွေ့ရတယ်။ မဲပေးနိုင်တဲ့သူတွေကြားထဲမှာလည်း ထက်သန်မှုရှိရှိနဲ့ တက်တက်ကြွကြွ မဲပေးကြတာမျိုး မဟုတ်ဘဲ မဖြစ်မနေမို့လို့ မဲပေးကြရတဲ့ အခြေအနေမျိုးရှိတာလည်း တွေ့ရတယ်။ ဒါက အရင့်အရင် ရွေးကောက်ပွဲတွေနဲ့ယှဉ်ရင် ထူးထူးခြားခြားကို သိသာထင်ရှားတဲ့ အပြောင်းအလဲ ဖြစ်တယ်လို့ ပြောလို့ရတယ်။”
“ဒါ့အပြင် ဒီနေ့မှာ ထူးခြားတဲ့အချက်အနေနဲ့ဆိုရင် မဲပေးကြဖို့ ခြိမ်းခြောက်မှုတွေ ရှိနေတာ၊ မဲမထည့်တဲ့သူတွေကိုလည်း တအိမ်တက်ဆင်း လိုက်ပြီးမဲထည့်ဖို့ စည်းရုံးလှုံ့ဆော်တာ၊ ခြိမ်းခြောက်တာမျိုးတွေရှိတာ တွေ့ရတယ်။ နောက်တခုက မဲမထည့်ကြရင် အကျိုးဆက်တွေ ရှိနိုင်မယ်လို့ သတင်းမီဒီယာတွေမှာ စတင်ဖော်ပြနေတာ တွေ့ရပါတယ်။ ဒီလိုမျိုး ခြိမ်းခြောက်မှုတွေ၊ ဖိအားပေးမှုတွေနဲ့ ရွေးကောက်ပွဲကို ကျင်းပနေသလို တဖက်မှာလည်း ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ကြတဲ့ ပါတီဘက်တွေကလည်း ကြိုတင်မဲနဲ့ ပတ်သက်ပြီးတော့မှ မကျေနပ်ချက်တွေ အသံတွေ ထွက်ပေါ်နေတာ ကြားရပါတယ်။ ဒါကတော့ ဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ထူးထူးခြားခြား တွေ့ရှိရတဲ့ အချက်တွေ ဖြစ်တယ်။”
“လူထုကတော့ မဲထည့်ဖို့ စိတ်ဝင်စားမှုမရှိတာ၊ မဲမထည့်ကြတာတော့ ကျနော်တို့ ခန့်မှန်းထားကြတဲ့အတိုင်း တွေ့ရတာဖြစ်ပါတယ်။ ရွေးကောက်ပွဲမတိုင်ခင် နှစ်ပတ်အလိုမှာ ပြုလုပ်ခဲ့တဲ့ အသံတိတ်သပိတ်မှာ ဆိုရင်လည်း လူထုက တခဲနက် ပါဝင်ဆင်နွှဲခဲ့ကြတာ ကြည့်ရင်ကို လူထုရဲ့ ရွေးကောက်ပွဲအပေါ် ဆန့်ကျင်လိုမှုနဲ့ စိတ်အားထက်သန်မှု ကင်းမဲ့ပြီး ဆန့်ကျင်နေကြတာကိုလည်း တွေ့ရပါတယ်။”
မေး။ စစ်ခေါင်းဆောင်က ပြောဆိုထားတာ ရှိပါတယ်။ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်မယ်၊ နာမည်ပျက်အောင် မလုပ်ဖူးလို့ သူက ပြောထားတာ ရှိတယ်ပေါ့နော်။ ရွေးကောက်ပွဲ မတိုင်ခင်ကလည်း သူတို့စိတ်ကြိုက် မဲဆန္ဒနယ်တွေဖွဲ့တယ်၊ ပြောရရင် သူတို့ အသာစီးယူထားတယ်ပေါ့နော်။ ဆိုတော့ ရွေးကောက်ပွဲနေ့မှာဆိုရင်လည်း ခြိမ်းခြောက် မဲပေးခိုင်းတာတွေ ရှိတယ်ဆိုတာကို ပြည်သူတွေကရော ဝန်ထမ်းတွေကရော ပြောဆိုထားတာ ရှိပါတယ်။ ဆိုတော့ သူပြောသလို စစ်တပ်ရွေးကောက်ပွဲက လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲလို့ ပြောလို့ရပါသလား၊ ဘယ်လိုရှုမြင်သုံးသပ်ပါသလဲရှင့်။
ဖြေ။ “လွတ်လပ်ပြီး တရားမျှတယ်ဆိုတာကတော့ မဖြစ်နိုင်ဘူး ဆိုတာလည်း အားလုံးသိကြတဲ့ အတိုင်းပဲ ဖြစ်တယ်။ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ မဟုတ်တာ သေချာတယ်။ အဲဒီထက်ပိုဆိုးတာက ဒီရွေးကောက်ပွဲက လွတ်လပ်ပြီး တရားမျှမှု မရှိရုံတင်မကဘူး၊ စစ်မှန်တဲ့ လူထုရဲ့အသံ၊ စစ်မှန်တဲ့ လူထုရဲ့ သဘောထားဆန္ဒအမှန်ကို ဖော်ပြနိုင်ခြင်းမရှိတဲ့ အခြေအနေမျိုးဖြစ်အောင် စနစ်တကျနဲ့ မဲဆန္ဒနယ်မြေပုံတွေကို စိတ်ကြိုက်ရေးဆွဲတာ၊ ရွေးကောက်ပွဲစနစ်ကိုလည်း စိတ်တိုင်းကျ ပုံဖော်တည်ဆောက်ထားတာ တွေ့ရတယ်။ အခုရွေးကောက်ပွဲက မြန်မာတနိုင်ငံလုံးမှာရှိနေတဲ့ ဧရိယာရဲ့ တဝက်အောက် ပမာဏမှာပဲ ပြုလုပ်မှာဖြစ်တယ်။ ဒီလိုမျိုးပြုလုပ်တယ်ဆိုပေမဲ့ လွှတ်တော်ရဲ့ ၈၈ ရာခိုင်နှုန်း၊ ၉၀ ရာခိုင်နှုန်းအတွင်းကို လွှတ်တော်ခုံနေရာတွေကို ဖြည့်ဆည်းဖို့ ကြိုးစားမှာဖြစ်တယ်။ ဒီလိုမျိုးအခြေအနေမှာ လူဦးရေသန်းပေါင်းများစွာ မဲထည့်ခွင့်မရှိဘဲနဲ့ ရွေးကောက်ပွဲပြုလုပ်မှာ ဖြစ်တယ်။ လူဦးရေသန်းပေါင်းများစွာက မဲထည့်ဖို့ မဆုံးဖြတ် ရွေးချယ်ခြင်းမပြုဘဲ ရွေးကောက်ပွဲကို သပိတ်မှောက်တဲ့နည်းနဲ့ မပါဝင်ကြမှာလည်း ရှိတယ်။ ဒီအခြေအနေမျိုးမှာ စနစ်ကို စိတ်တိုင်းကျ ပုံဖျက်ပြီးမှ ပြုလုပ်တဲ့ ရွေးကောက်ပွဲ ဖြစ်ပါတယ်။”
“နောက်တခုကတော့ ရွေးကောက်ပွဲကျင်းပတဲ့ နေ့မှာပဲ လုံခြုံရေးတင်းကျပ်ပြီးတော့ ရွေးကောက်ပွဲကို ပြုလုပ်တာဖြစ်ပါတယ်။ ဘယ်နည်းနဲ့မှတော့ လွတ်လပ်တဲ့ သဘောထားဆန္ဒကို ထုတ်ဖော်နိုင်တဲ့ အခြေအနေ မရှိပါဘူး။ နောက်တခုက ရွေးကောက်ပွဲက နာမည် မပျက်စေရဘူးလို့ စစ်ခေါင်းဆောင်က ပြောပေမဲ့ တကယ်တမ်း ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲက နိုင်ငံတကာ လေ့လာစောင့်ကြည့်တဲ့သူတွေ၊ ပြည်တွင်းလေ့လာစောင့်ကြည့်တဲ့လူတွေက ဒါသည် စစ်မှန်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်တယ်ဆိုတာကို ထောက်ခံခဲ့ကြပြီးသား ဖြစ်ပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲကို နာမည်ဖျက်ခဲ့တာကတော့ စစ်အုပ်စုကိုယ်တိုင်ပဲ ဖြစ်ပါတယ်။ ဆိုတော့ စစ်ခေါင်းဆောင်က သူ့ရွေးကောက်ပွဲက နာမည်မပျက်စေရဘူးလို့ ဘာကြောင့်ပြောရဲလဲဆိုတော့ ဒီရွေးကောက်ပွဲကို ဝေဖန်တဲ့သူ၊ ဆန်းစစ်တဲ့သူတွေကို ရွေးကောက်ပွဲ ကာကွယ်စောင့်ရှောက်ရေး ဥပဒေလိုမျိုး ပြင်းထန်တဲ့ ဖိနှိပ်တဲ့ ဥပဒေတွေနဲ့ ဖိနှိပ်မှာဖြစ်တဲ့အတွက် ဝေဖန်မှုတွေ ပြုလုပ်တဲ့သူတွေဟာ တင်းကျပ် ဖိနှိပ်ခံရမှာ ဖြစ်တယ်ပေါ့နော်။ ဒါကြောင့်မလို့ နာမည်မပျက်စေရဘူးလို့ ပြောရဲတာလည်း ဖြစ်ပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲကို နာမည်ဖျက်ခဲ့တာလည်း စစ်အုပ်စုပါပဲ။ ၂၀၂၅ ရွေးကောက်ပွဲကို နာမည်ဖျက်မဲ့သူ၊ ဝေဖန်မဲ့သူတွေကို ဖိနှိပ်ဖမ်းဆီးမှာကလည်း စစ်အုပ်စုပါပဲ။ ဒါကြောင့် နာမည်မပျက်စေရဘူးလို့ သူတို့ပြောဝံ့တာ ပြောရဲတာ ဖြစ်ပါတယ်။”
မေး။ စစ်ခေါင်းဆောင်က ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်းစလုံးကို စောင့်ကြည့်ပါလို့တော့ ပြောသွားတယ်ပေါ့နော်။ ရွေးကောက်ပွဲကလည်း ၂ ပိုင်းထပ်လုပ်ဖို့ ထပ်စောင့်ကြည့်ဖို့ ရှိသေးတယ်ဆိုတော့ ကျန်တဲ့ ၂ ပိုင်းနဲ့ ပတ်သက်ပြီးတော့ပဲဖြစ်ဖြစ် ထပ်ပြီး ဖြည့်စွက်ပြောချက်တာပဲဖြစ်ဖြစ် ရှိရင် သုံးသပ်ပေးပါဦးရှင့်။
ဖြေ။ “ဒီရွေးကောက်ပွဲတွေက ၃ ပိုင်းလုံးကို စောင့်ကြည့်ဦးတော့၊ ဒီရွေးကောက်ပွဲတွေက လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ မဟုတ်ဘူး ဆိုတာလည်း သက်သေပြစရာ မလိုအောင် ထင်ရှားပြီးသားအချက်တွေက ရွေးကောက်ပွဲမတိုင်ခင်ကတည်းက မြင်ရပြီး ဖြစ်ပါတယ်။ ပိုဆိုးတာက လွတ်လပ်ပြီး တရားမျှတမှု မရှိတာထက်ကို ပိုဆိုးတာကတော့ လူထုရဲ့ သဘောထားဆန္ဒကို ထင်ဟပ်နိုင်ခြင်း မရှိစေမဲ့ ရွေးကောက်ပွဲစနစ်ကို ကျင့်သုံးတာ ဖြစ်ပါတယ်။ ဒီလိုမျိုး ကျင့်သုံးတာသည် ဒီရွေးကောက်ပွဲရဲ့ ဘေးထွက်ဆိုးကျိုးအနေနဲ့ပေါ့နော်၊ ဒီရွေးကောက်ပွဲရလဒ်သာ ဒီအတိုင်း ဆက်ပြီး တည်ရှိနေမယ်ဆိုရင်၊ ဒီရွေးကောက်ပွဲစနစ်သာ ဒီအတိုင်း ဆက်ပြီး တည်ရှိနေမယ်ဆိုရင် ဘယ်သူပဲအာဏာရှိရှိ၊ ဘယ်သူပဲတက်လာတက်လာ ဒီရွေးကောက်ပွဲစနစ်ကို ကျင့်သုံးပြီးလုပ်မဲ့ ရွေးကောက်ပွဲတွေက စစ်မှန်တဲ့ လူထုသဘောထားအမြင်နဲ့ ဆန္ဒကို ထင်ဟပ်နိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့်မို့လို့ ဒီရွေးကောက်ပွဲသည် အပိုင်း ၃ ပိုင်းပြီးလို့ ရလဒ်တွေ ထွက်လာဦးတော့၊ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အဖြေတွေကို ဖော်ထုတ်ပေးနိုင်မဲ့ ရွေးကောက်ပွဲ မဟုတ်သလို ဒီနိုင်ငံရဲ့ နိုင်ငံရေးပြဿနာတွေ အတွက်ကို ဖြေရှင်းပေးနိုင်မဲ့ ထွက်ပေါက်တခုလည်း မဟုတ်ဘူးလို့ ပြောလို့ရပါတယ်။”
- အခုလိုအချိန်ပေးပြီး ဖြေကြားပေးတာ ကျေးဇူးအများကြီးတင်ပါတယ်။
အင်တာဗျူးရုပ်သံ ကြည့်ရှုရန်


