
ဒီဇင်ဘာ ၂၈ ရက်က ကျင်းပခဲ့တဲ့ အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲအပြီးမှာ မြန်မာနိုင်ငံဟာ တည်ငြိမ်ပြီး အေးချမ်းတဲ့၊ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဖြစ်ပေါ်စေလိမ့်မယ်လို့ တရုတ်နိုင်ငံက ပြောလိုက်ပါတယ်။
တရုတ်နိုင်ငံက တခြားရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေးအဖွဲ့တွေနဲ့အတူ မြန်မာနိုင်ငံမှာ မဲပေး ခြင်းလုပ်ငန်းစဉ်ကို တိုက်ရိုက်လေ့လာကြည့်ရှုခဲ့ကြပြီး ဒီအပေါ် တရုတ်နိုင်ငံခြားရေးဝန် ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မစ္စတာ လင်ကျန်းက ခုလိုပြောလိုက်တာပါ။
မဲပေးတဲ့ လုပ်ငန်းစဉ်ဟာ ယေဘုယျအားဖြင့် တည်ငြိမ်ချောမွေ့ပြီး စနစ်တကျ ဆောင်ရွက်နိုင်ခဲ့ သလို အထွေထွေရွေးကောက်ပွဲ ပထမပိုင်းကို အောင်မြင်စွာ စတင်နိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် လာမဲ့ ဒုတိယနဲ့ တတိယအပိုင်း မဲပေးမှုတွေကိုလည်း အောင်မြင်ချောမွေ့စွာ ကျင်းပခြင်းဖြင့် မြန်မာနိုင်ငံရဲ့ အခြေအနေတွေ ပြန်လည်တည်ငြိမ်စေဖို့၊ တင်းမာမှုတွေ လျော့နည်းစေဖို့၊ နိုင်ငံရေးအခြေအနေတွေ မှန်ကန်တဲ့ လမ်းကြောင်းဆီ ပြန်လည် ရောက်ရှိစေဖို့အတွက် အထောက်အကူပြုနိုင်မှာဖြစ်ကာ ပိုမိုကျယ်ပြန့်ပြီး ပိုမိုတည်ငြိမ်တဲ့ ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေးတို့အတွက် ကူညီပေးနိုင်မယ်လို့ ယုံကြည်တဲ့ အကြောင်း ထည့်သွင်းဖြေကြားသွားခဲ့တာပါ။
စစ်တပ်ဩဇာခံ ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲပထမပိုင်းကိုတော့ နိုင်ငံတဝန်း မြို့နယ်ပေါင်း ၁၀၂ မြို့နယ်မှာ ကျင်းပခဲ့တာ ဖြစ်ပြီး နိုင်ငံတဝန်း မြို့နယ်ပေါင်း ၃၃၀ ရှိတဲ့အထဲ ၃ ပုံ တပုံလောက်မှာပဲ ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့တာ ဖြစ်ပါတယ်။
နိုင်ငံတကာသတင်းတွေမှာတော့ မြန်မာ့ရွေးကောက်ပွဲကို ပြည်သူတွေဟာ မျှော်လင့်ချက် ကြောင့်မဟုတ်ဘဲ ကြောက်စိတ်ကြောင့် မဲပေးကြရတာဖြစ်သလို မဲလာပေးသူ အရေအတွက်ကလည်း ပြီးခဲ့တဲ့ရွေးကောက်ပွဲတွေနဲ့ နှိုင်းယှဉ်ရင် သိသိသာသာ နည်းပါးခဲ့တာ ဖြစ်ပါတယ်။
စစ်ကောင်စီဟာ ရွေးကောက်ပွဲကို ဝေဖန်ရုံနဲ့ ရာဇဝတ်မှုအဖြစ် သတ်မှတ်ပြီး ထောင်ဒဏ် နှစ် ၂၀ ကနေ သေဒဏ်အထိ ချမှတ်နိုင်တဲ့ ဥပဒေတရပ်ကို ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက ပြဋ္ဌာန်းထားပြီး အနည်းဆုံး လူပေါင်း ၂၂၉ ယောက်ကို တရားစွဲထားပါတယ်။
ရွေးကောက်ပွဲ ဒုတိယပိုင်းကိုတော့ လာမဲ့ ၂၀၂၆ ဇန်နဝါရီ ၁၁ ရက်မှာ မြို့နယ် ၁၀၀ နဲ့ တတိယပိုင်းကို ဒုတိယပိုင်းအပြီး ၂ ပတ်အကြာ ဇန်နဝါရီ ၂၅ ရက်မှာ ၆၃ မြို့နယ်မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။
ဒီရွေးကောက်ပွဲကို တရုတ်၊ ရုရှား၊ အိန္ဒိယ၊ ဘယ်လာရုစ်၊ ဖိလစ်ပိုင်၊ လာအို၊ နိုင်ဂျီးရီးယား၊ နီပေါနဲ့ ပါကစ္စတန် ၉ နိုင်ငံက စုစုပေါင်း လူဦးရေ ၆၀ ကျော် စောင့်ကြည့် လေ့လာခဲ့ကြတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။
ရွေးကောက်ပွဲနေ့နဲ့ မတိုင်ခင်ရက်တွေမှာ နိုင်ငံတဝန်း မြို့နယ်တချို့မှာ ဗုံးပေါက်ကွဲတာတွေ၊ ရှိခဲ့သလို ဗုံးကြဲတိုက်ခိုက်မှုတွေ၊ တိုက်ပွဲတွေဖြစ်ပွားခဲ့တာနဲ့ နိုင်ငံတွင်းနဲ့ ပြည်ပနိုင်ငံတွေမှာ ရွေးကောက်ပွဲ ဆန့်ကျင်ကန့်ကွက်တဲ့ ဆန္ဒပြတာတွေလည်း တွေ့ရပါတယ်။


