ရွေးကောက်ပွဲ အပိုင်း ၁ ကျင်းပတဲ့ ဒီဇင်ဘာ ၂၈ ရက်နေ့မှာပဲ အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်တာနဲ့ မြို့နယ် ၂၀ ဝန်းကျင်လောက်မှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။
ဒီဇင်ဘာ ၂၈ ရက်နေ့ဟာ နေပြည်တော်မှာ မဲရုံတွေဖွင့်ပြီး စစ်ကောင်စီက ဟန်ရေးပြချိန်ဖြစ်ပေမဲ့ လုံခြုံရေးအထပ်ထပ်ချထားတဲ့ကြားကနေ ပေါက်ကွဲမှုတွေ ဖြစ်ပေါ်ခဲ့သလို တိုက်ပွဲတွေလည်း ရှိခဲ့ပါတယ်။
အခု အပိုင်း ၁ ကျင်းပခဲ့တဲ့ ၁၀၂ မြို့နယ်ထဲမှာ တော်လှန်ရေးအားကောင်းတဲ့နယ်မြေတွေ ပါဝင်ခဲ့ပြီး စစ်ကိုင်းတိုင်း ၁၂ မြို့နယ်ထဲမှာဆိုရင် ကလေး၊ ကသာ၊ ကန့်ဘလူ၊ တမူး၊ မုံရွာ၊ ရွှေဘိုနဲ့ ဟုမ္မလင်းမြို့နယ်တွေ ပါဝင်ခဲ့ပါတယ်။
ကသာမြို့နယ်မှာဆိုရင် ရွေးကောက်ပွဲပြုလုပ်နေချိန် မြို့ပြင်မှာရှိတဲ့ ခမရ ၃၀၉ တပ်ရင်းဝန်းကျင်နဲ့ ကသာမြို့အထွက် နေရာတွေကို တော်လှန်ရေးတပ်တွေက ဝင်တိုက်တာကစလို့ ဒီဇင်ဘာ ၂၉ ရက်အထိ တိုက်ပွဲတချို့ ဆက်ဖြစ်နေကြောင်း မြို့ထဲရှိနေသူက ပြောပါတယ်။
ကသာမြို့ခံ အမျိုးသားတယောက်က “ရွေးကောက်ပွဲကတော့ လူကြီးပိုင်းတွေ သွားထည့်ကြတာ များတယ်၊ လူငယ်ပိုင်းနဲ့ လူလတ်ပိုင်းတွေ ထည့်ကြတာ သိပ်မရှိသလောက်ပဲ။ နောက်ပြီးကျတော့ မနေ့ကဖြစ်တဲ့ထဲမှာ သူတို့ ရမ်းပစ်တဲ့ဟာပေါ့၊ စစ်တပ်နားနီးတဲ့ ကြံတောရပ်ကွက်ကတော့ ၃ ယောက်လောက်ထိတယ်။ နောက်ပြီးကျတော့ ပတ္တမြားရပ်ကွက်က ၂ ယောက်ထိတယ်။ အဲဒါပဲ အဓိကကြားမိတယ်။ ရွေးကောက်ပွဲက ဘယ်လိုပြီးလဲတော့ မသိဘူး။ ကြံတောဘက်က မဲရုံကတော့ အစောကြီးပဲ သိမ်းပြီး ပြေးရတယ်ပြောတယ်။ ကျနော်တို့က သွားမထည့်တဲ့သူတွေဆိုတော့ အဲဒါတွေ သိပ်စိတ်မဝင်စားဘူးဗျ” လို့ ပြောပါတယ်။
ရွေးကောက်ပွဲ မစခင်ကတည်းက စစ်တပ်ထဲကနေ လက်နက်ကြီးတွေ ပစ်ခတ်နေတာကြောင့် မြို့ခံအများစု နေရပ်စွန့်ခွာကြပြီဖြစ်သလို မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေတာလို့လည်း အတည်မပြုနိုင်တဲ့ သတင်းတွေ ထွက်နေပါတယ်။
အလားတူ ရွေးကောက်ပွဲ ဒုတိယပိုင်းကျင်းပမဲ့ မြို့နယ် ၁၀၀ ထဲ တခုအပါအဝင်ဖြစ်တဲ့ စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာလည်း ဒီဇင်ဘာ ၂၈ ရက်ကစလို့ မြို့ပေါ်ထိ တိုက်ပွဲတွေ ဖြစ်ခဲ့ပါတယ်။
မြို့ပေါ်က စစ်တပ်အထိုင်စခန်းအားလုံးနီးပါးကို စီးမိချိန်မှာ လေကြောင်းကနေ Y-12၊ ပါရာမော်တာ၊ ဂျိုင်ရိုကော်ပရာတွေအပြင် ဒရုန်းတွေနဲ့ ဗုံးဆက်တိုက်ကြဲချတာကြောင့် ပြည်သူတချို့ ထိခိုက်ခဲ့သလို တော်လှန်ရေးတပ်တွေလည်း ပြန်ဆုတ်ခဲ့ရပါတယ်။
ဘုတလင်မြို့နယ် ရွေ့လျားစစ်ကြောင်း တာဝန်ရှိသူတယောက်က “သူတို့တွေအနေနဲ့ ဒါ မတရားရွေးကောက်ပွဲ ဖြစ်တဲ့အတွက် မြို့ပေါ်ရှိတဲ့ ပြည်သူအနည်းငယ် အင်အားစုနဲ့ သူတို့ရအောင်လုပ်ဖို့ ရည်ရွယ်ချက် ရှိတာပေါ့လေ။ ဒီရွာဘက်တွေမှာတော့ လုပ်နိုင်တာပေါ့။ အဲအတွက် ကျနော်တို့က ရွေးကောက်ပွဲကို ဟန့်တားချင်တဲ့သဘောနဲ့ ဖော်ဆောင်ခြင်းဖြစ်ပါတယ်။ မြို့ကကျတော့ မြို့သိမ်းနိုင်ရင်တော့ အကောင်းဆုံးပေါ့လေ။ သို့သော် နမခရဲ့ အနီးဆုံးမြို့ဖြစ်တဲ့ အတွက်တော့ ကျနော်တို့က အများကြီးတော့ မျှော်လင့်ထားလို့ မရဘူးပေါ့ဗျာ” လို့ ပြောပါတယ်။
ဆုံကုန်းရွာနားမှာ စစ်ရှောင်နေသူတွေကို စစ်တပ်က တိုက်ပွဲမရှိဘဲ ဗုံးကြဲတာကြောင့် အနည်းဆုံး ပြည်သူ ၅ ယောက် ထိခိုက်ခဲ့ရပါတယ်။
ဒါ့အပြင် စစ်တပ်က ဘုတလင်မြို့ပေါ်မှာ ရွေးကောက်ပွဲကျင်းပနိုင်ရေး ဒီဇင်ဘာ ၂၈ ရက်က နမခ ကနေ အင်အား ၂၀၀ နဲ့ တက်လာခဲ့ပြီး ၂၉ ရက်မှာလည်း လေကြောင်းဗုံးကြဲနေသလို ဇီးတောရွာဘက်မှာ သံချပ်ကာ ၂ စီးနဲ့ အင်အားထပ်ဖြည့်ထားကြောင်း စစ်ရှောင်ဒေသခံတယောက်က ပြောပါတယ်။
ဘုတလင်နဲ့ ကသာနည်းတူ စစ်ကိုင်းထဲက အရာတော်မြို့ဝန်းကျင်က တပ်စခန်းတွေမှာ တိုက်ပွဲဖြစ်ခဲ့ပြီး ခင်ဦးမြို့နယ်၊ ရွှေဘို-မြစ်ကြီးနားလမ်းပိုင်းမှာ ပိတ်မိနေတဲ့ ပြည်သူပိုင်ကားတွေကို ဒီဇင်ဘာ ၂၇ ရက်နေ့မှာ ဗုံးကြဲလို့ ခရီးသွား ၉ ယောက်သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။
အလားတူ ရွေးကောက်ပွဲ ဒုတိယပိုင်းမှာပါတဲ့ မကွေးတိုင်းထဲက စလင်းနဲ့ ဆင်ဖြူကျွန်းမြို့တွေမှာ တိုက်ပွဲပြင်းထန်နေသလို ရခိုင်ပြည်နယ်က စစ်တွေနဲ့ ကျောက်ဖြူမှာလည်း ရွေးကောက်ပွဲ အပိုင်း ၁ ကျင်းပနေချိန် မြို့ပြင်မှာ တိုက်ပွဲဆက်ဖြစ်ခဲ့ပါတယ်။
သမိုင်းတလျှောက် မဲပေးသူအနည်းဆုံးနဲ့ မကျင်းပနိုင်တဲ့ မြို့နယ်အများဆုံးဖြစ်နေပေမဲ့ စစ်တပ်က ရွေးကောက်ပွဲကို အပိုင်း ၃ ခုခွဲပြီး ကျင်းပနေပါတယ်။
တဖက်မှာလည်း ပါတီတွေကနေ ပေါက်ကြားလာတဲ့ မဲရလဒ်တွေအရ အရင် NLD ပါတီတောင် အနိုင်ရဖို့မလွယ်တဲ့ မဲဆန္ဒနယ်တွေမှာပါ USDP က ဦးဆောင်နေပြီး ရွေးကောက်ပွဲ အပိုင်း ၁ နဲ့တင် စစ်တပ်နဲ့ ကြံ့ခိုင်ရေးပေါင်းပြီး အစိုးရဖွဲ့နိုင်ဖို့ နီးစပ်လာနေပါတယ်။
စိုးသူအောင်




