
ဒီဇင်ဘာ ၂၈ ရက်က ပြုလုပ်ခဲ့တဲ့ အာဏာသိမ်းစစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲဟာ မဲပေးသူအနည်းဆုံး ရွေးကောက်ပွဲတခု ဖြစ်ခဲ့တယ်လို့ နိုင်ငံတကာ သတင်းမီဒီယာတွေက ဖော်ပြပါတယ်။
စင်ကာပူနိုင်ငံအခြေစိုက် Channel News Asia သတင်းကတော့ လွတ်လပ်ပြီး တရားမျှတမှု မရှိတဲ့ ရွေးကောက်ပွဲမှာ မဲပေးပိုင်ခွင့်ရှိတဲ့ မြန်မာလူငယ်တွေ အများစု မဲမပေးနိုင်ခဲ့တဲ့အကြောင်း ဖော်ပြထားခဲ့တာကို တွေ့ရပါတယ်။
သတင်းမှာတော့ အရင်က ကျင်းပခဲ့တဲ့ မြန်မာ့ရွေးကောက်ပွဲတွေမှာ တခဲနက် တန်းစီ မဲပေးခဲ့ကြတဲ့ လူငယ်ထုကြီးကို စစ်ကောင်စီရဲ့ ရွေးကောက်ပွဲမှာ သိသိသာသာ မတွေ့ရှိရတော့ဘဲ သက်ကြီးပိုင်း မဲဆန္ဒရှင်တွေကသာ အများစု လာရောက်ခဲ့ကြတာကို တွေ့ရတဲ့အကြောင်း ရေးသားထားခဲ့တာပါ။
ဒါ့အပြင် စစ်တပ်က အာဏာသိမ်းခဲ့တဲ့ လွန်ခဲ့တဲ့ အချိန် ၅ နှစ်နီးပါးကာလအတွင်း စစ်ဘေးဒဏ်သင့်နေတဲ့ နိုင်ငံတွင်းကနေ လူအများအပြား ထွက်ခွာသွားကြရာမှာ စစ်မှုထမ်းရမဲ့ အရွယ်ဖြစ်တဲ့ အသက် ၃၅ နှစ်အောက် အမျိုးသားတွေ၊ ပျက်စီးနေတဲ့ မြန်မာ့စီးပွားရေး အခြေအနေကြောင့် ပိုမိုကောင်းမွန်တဲ့ လူနေမှုဘဝကို ရှာဖွေလိုကြတဲ့ လူငယ်များစွာ ပါဝင်သွားခဲ့တာကြောင့်လို့လည်း ထောက်ပြထားပါတယ်။
မနေ့မနက် ၆ နာရီမှ ညနေ ၄ နာရီ မဲရုံပိတ်တဲ့အချိန်အထိ သက်ဆိုင်ရာ မြို့နယ်အသီးသီးမှာ ရွေးကောက်ပွဲမှာ မဲရုံပိတ်တဲ့အထိ မဲပေးသူဦးရေဟာ အလွန်နည်းပါးတယ်လို့ မဲရုံစောင့်သူတယောက်က ပြောပါတယ်။
မဲရုံမှူးတယောက်က “အရင်ထက်စာရင် လူက အတော်လေးနည်းတယ်။ ကျိုးတိုးကျဲတဲနဲ့ လာပေးကြတာ။ တဦးစ နှစ်ဦးစ လာပေးကြတာ။ ပွင့်ပွင့်လင်းလင်းပြောရရင် ၂၀၂၀ လောက်က မဲပေးတဲ့ အရေအတွက်ကို လုံးဝမမီဘူး။ အဲဒီတုန်းကဆို မဲရုံမဖွင့်ခင်ကတည်းက မဲပေးဖို့ တန်းစီစောင့်နေကြတာ။ အခုကျတော့ လာမပေးလို့ မျှော်နေရတယ်” လို့ ပြောပါတယ်။
မဲလာပေးသူတွေထဲကမှ ဖိအားတွေကြောင့် လာပေးသူရှိသလို ခြိမ်းခြောက်ခံရမှုတွေကြောင့် မဲလာပေးသူတွေလည်း ရှိကာ မဲလာပေးသူတွေထဲက အများစုမှာ သက်ကြီးရွယ်အိုတွေဖြစ်ပြီး လူငယ်တွေ မဲပေးတာ မရှိသလောက်လို့ ပြောပါတယ်။
ဧရာဝတီတိုင်း၊ မအူပင်မြို့မှာတော့ အထက ၁ ကျောင်းရှိ မဲရုံအမှတ် ၁ မှာ မဲသွားပေးသူတယောက် ကိုယ်တိုင်မဲပေးခွင့်မရဘဲ မဲပေးပြီးသားဖြစ်လို့ မဲထည့်ခွင့်မရဘဲ အိမ်ပြန်ခဲ့ကြရတယ်လို့ ဆန္ဒမဲပေးခဲ့သူတွေဆီက သိရပါတယ်။
မဲပေးခဲ့သူတယောက်က “မဲပေးဖို့ စာရင်းပါလို့ မဲသွားထည့်တဲ့ ဦးသန်းထွန်း မဲနံပါတ် ၁၂၁၄ ဆိုသူက မဲသွားထည့်ရာမှာ မှတ်ပုံတင်နံပါတ်ရော ၁၂၁၄ ဆိုတဲ့ မဲနံပါတ်က မဲထည့်ပြီးသားဖြစ်လို့ မဲထည့်ခွင့်မရဘူး” လို့ ပြောပါတယ်။
ရွေးကောက်ပွဲမှာ ဧရာဝတီတိုင်းက မြို့နယ် ၈ မြို့နယ်မှာ အပိုင်း ၁ အနေနဲ့ ပြည်သူတွေ မဲပေးခဲ့ကြတာဖြစ်ပြီး မအူပင်မြို့မှာတော့ မဲပေးသူ အများအပြား ရှိခဲ့တယ်လို့ မအူပင်မြို့ခံတွေဆီက သိရပါတယ်။
ရွေးကောက်ပွဲရလဒ်တွေကို တရားဝင်ထုတ်ပြန်ကြေညာတာ မရှိသေးပေမဲ့ လက်ရှိ မဲရလဒ် အနေအထားအရ စစ်တပ်ပါတီဖြစ်တဲ့ ကြံ့ခိုင်ရေးပါတီက ကြိုတင်မဲနဲ့ အသာစီးရနေတယ်လို့ သိရပါတယ်။
ကြံ့ခိုင်ရေးပါတီဝင်တယောက်က “မှန်ပါတယ်။ ကြံ့ခိုင်ရေးပါတီက မဲအသာစီးရထားတယ်ဆိုတာ။ အကုန်လုံးကို တချက်စောင့်ကြည့်ရဦးမယ်ပေါ့။ အကုန်လုံးရဲ့ မဲရလဒ်ကို စောင့်ကြည့်ရမှာပေါ့” လို့ ပြောပါတယ်။
စစ်တပ်ဩဇာခံ ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲ ပထမပိုင်းကိုတော့ နိုင်ငံတဝန်း မြို့နယ်ပေါင်း ၁၀၂ မြို့နယ်မှာ ကျင်းပခဲ့တာ ဖြစ်ပြီး မြို့နယ်ပေါင်း ၃၃၀ မှာ ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ ၆၅ မြို့နယ် ရှိတယ်လို့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားပါတယ်။
အမေရိကန်အခြေစိုက် သတင်းစာတစောင်ဖြစ်တဲ့ The New York Times သတင်းမှာတော့ မြန်မာ့ရွေးကောက်ပွဲကို ပြည်သူတွေဟာ မျှော်လင့်ချက်ကြောင့်မဟုတ်ဘဲ ကြောက်စိတ်ကြောင့် မဲပေးကြရတာဖြစ်သလို မဲပေးပွဲကို ကိုယ်တိုင်စီစဉ်နေတဲ့ အာဏာသိမ်းစစ်ကောင်စီအတွက်သာ ရလဒ်ကောင်း နိုင်ခြေရှိတဲ့အကြောင်း ခေါင်းစီးတပ် ဖော်ပြထားခဲ့တာကို တွေ့ရပါတယ်။
မြန်မာစစ်အာဏာပိုင်တွေက ရွေးကောက်ပွဲကို ဝေဖန်ရုံသက်သက်လောက်ကို ရာဇဝတ်မှုအဖြစ် သတ်မှတ်တဲ့ ဥပဒေတရပ်ကို ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက ပြဋ္ဌာန်းခဲ့သလို အဆိုပါ ဥပဒေအရ ထောင်ဒဏ် နှစ် ၂၀ အထိ ချမှတ်နိုင်ပြီး သေဒဏ်လည်း ချမှတ်နိုင်ပါတယ်။
ဒီဥပဒေရဲ့ အမည်အပြည့်အစုံကတော့ “ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေ” ဖြစ်ပြီး မြန်မာပြည်သူတွေ ကြားမှာတော့ ရွေးကာဥပဒေလို့ လူသိများပါတယ်။
မနေ့က ပြီးစီးခဲ့တဲ့ ပထမပိုင်း မဲပေးပွဲမတိုင်မီ သီတင်းပတ်တွေမှာ ဒီဥပဒေကို လက်နက်သဖွယ် အသုံးချပြီး လူမှုကွန်ရက်ပေါ်က ဝေဖန်မှုတွေ၊ သဘောထား မှတ်ချက်တွေနဲ့ Message တွေကိုပါ ပစ်မှတ်ထားပြီး ဖိနှိပ်မှုတွေ တိုးမြှင့်လုပ်ဆောင်လာနေကာ စစ်ကောင်စီထိန်းချုပ်မီဒီယာတွေရဲ့ အဆိုအရ ဥပဒေပြဋ္ဌာန်းပြီးချိန်ကစပြီး “ရွေးကောက်ပွဲ လုပ်ငန်းစဉ်ကို နှောင့်ယှက်ဖို့ ကြိုးပမ်းမှု” နဲ့ လူပေါင်း အနည်းဆုံး ၂၂၉ ယောက် တရား စွဲခံထားရတယ်လို့ သိရပါတယ်။
ရွေးကောက်ပွဲ ဒုတိယပိုင်းကိုတော့လာမဲ့ ၂၀၂၆ ဇန်နဝါရီ ၁၁ ရက်မှာ မြို့နယ် ၁၀၀ နဲ့ တတိယပိုင်းကို ဒုတိယပိုင်းအပြီး ၂ ပတ်အကြာ ဇန်နဝါရီ ၂၅ ရက်မှာ ၆၃ မြို့နယ်မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။
အိုင်ယာလန်နိုင်ငံအခြေစိုက် RTÉ သတင်းကတော့ မြန်မာ့ရွေးကောက်ပွဲ စတင်မဲပေးမှု အေးစက်စက်နိုင်တဲ့ အခြေအနေကို သတင်းခေါင်းစီးတပ် ဖော်ပြခဲ့တာကို တွေ့ရပါတယ်။
၂၀၂၁ ခုနှစ်မှာ အရပ်သားအစိုးရကို ဖြုတ်ချပြီး စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ကျင်းပတဲ့ ဒီရွေးကောက်ပွဲမှာ မဲဆန္ဒရှင်တွေ လာရောက်မဲပေးမှုနှုန်း သိသိသာသာ နည်းပါးနေတာကို တွေ့ရတဲ့အကြောင်း ဖော်ပြထားသလို ကုလသမဂ္ဂ၊ အနောက်နိုင်ငံတချို့နဲ့ လူ့အခွင့်အရေးအဖွဲ့တွေရဲ့ ပြောဆိုချက်တွေကို ကိုးကားပြီး ရွေးကောက်ပွဲမှာ စစ်ကောင်စီကို ဆန့်ကျင်တဲ့ နိုင်ငံရေးပါတီတွေ ပါဝင်ယှဉ်ပြိုင်ခွင့်မရတာ၊ ရွေးကောက်ပွဲအပေါ် ဝေဖန်ပြောဆိုတာတွေကို ပိတ်ပင်ထားတာတွေကြောင့် လွတ်လပ်၊ တရားမျှတပြီး ယုံကြည်စိတ်ချရမှုမရှိတဲ့ ရွေးကောက်ပွဲအဖြစ် ဖော်ပြထားခဲ့တာကို တွေ့ရပါတယ်။
ဒီရွေးကောက်ပွဲကို တရုတ်၊ ရုရှား၊ အိန္ဒိယ၊ ဘယ်လာရုစ်၊ ဖိလစ်ပိုင်၊ လာအို၊ နိုင်ဂျီးရီးယား၊ နီပေါနဲ့ ပါကစ္စတန် ၉ နိုင်ငံက စုစုပေါင်း လူဦးရေ ၆၀ ကျော် စောင့်ကြည့် လေ့လာခဲ့ကြတယ်လို့ စစ်ကော်မရှင်က ထုတ်ပြန်ထားခဲ့တာပါ။
မနေ့က ရွေးကောက်ပွဲနေ့ မတိုင်ခင်ရက်တွေမှာ နိုင်ငံတဝန်း မြို့နယ်တချို့က မဲရုံတွေအနီး ပေါက်ကွဲတာတွေ ရှိခဲ့သလို နိုင်ငံတွင်းနဲ့ ပြည်ပနိုင်ငံတွေမှာ ရွေးကောက်ပွဲ ဆန့်ကျင်ကန့်ကွက်တဲ့ ဆန္ဒထုတ်ဖော်မှုတွေလည်း ရှိခဲ့တာကို တွေ့ရပါတယ်။
ထိုင်းအခြေစိုက် The Nation Thailand သတင်းမှာတော့ စစ်အာဏာသိမ်းမှုနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ပြည်တွင်းစစ်မီး၊ တင်းကျပ်တဲ့ ကန့်သတ်ချက်တွေ၊ ရွေးကောက်ပွဲရဲ့ ယုံကြည်စိတ်ချရမှုအပေါ် သံသယဖြစ်ဖွယ်ရာတွေကြား အဆင့်ဆင့်ခွဲ ကျင်းပတဲ့ မြန်မာ့ရွေးကောက်ပွဲမှာ မဲပေးသူ အရေအတွက် နည်းပါးနေတဲ့အကြောင်း ဖော်ပြခဲ့သလို မဲလာပေးသူ အရေအတွက် နည်းပါးတာ၊ ကနဦးအဆင့်မှာတင် အသံတိတ်နေတဲ့ သက်ဝင်လှုပ်ရှားမှုမရှိတဲ့ အခြေအနေတွေကိုပါ ဖော်ပြထားခဲ့တာကို တွေ့ရပါတယ်။


