
ဒေါပုံနဲ့ သန်လျင်မြို့နယ်တို့မှာ ဒီဇင်ဘာ ၃၁ ရက် မနက်နဲ့ညက အမျိုးသားတယောက် နဲ့ အမျိုးသမီးတယောက်ကို အမည်မသိလူတစုက ဓားနဲ့ထိုးပြီး ရွှေဆွဲကြိုး၊ ဖုန်းနဲ့ငွေတွေ လုယက်သွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
"မင်္ဂလာတောင်ညွန့်ဘက်ခြမ်းက လျှောက်လာတဲ့ ကောင်လေးကို တံတားပေါ်မှာ လူတစုက ဓားနဲ့လေးချက်လောက်ထိုးပြီး ဖုန်းနဲ့ပိုက်ဆံအိတ်ယူသွားတာ။ မသေပေမဲ့ ဒဏ်ရာက အတော်လေးပြင်းထန်လို့ ရန်ကုန်ဆေးရုံကြီးကို ပို့လိုက်ရတယ်။"
အလားတူ ဒီဇင်ဘာ ၃၁ ရက် မနက်အစောပိုင်းကလည်း သန်လျင်မြို့နယ်၊ အောင်မင်္ဂလာရပ်ကွက်တွင် နေအိမ်ရှေ့ တံမြက်စည်းလှည်းနေတဲ့ အမျိုးသမီးတယောက်ကို လူတစုက မျက်နှာကို ဓားနဲ့ထိုးပြီး ဆွဲကြိုးလုယူသွားတယ်လို့ မြို့ခံတယောက်က DVB ကို ပြောပါတယ်။
“အောင်ချမ်းသာဆိုတာ သန်လျင်မှာ မြို့လယ်ခေါင်လို့ ပြောရမယ်။ အဲ့လိုနေရာမှာ အမျိုးသမီးတဦးကို ခေါင်းနဲ့မျက်နှာတဝိုက်ကို ဓားနဲ့ခုတ်ပြီး ဆွဲကြိုးဖြတ်တာ ကြောက်ဖို့ကောင်းတယ်။”
ဓားနဲ့ခုတ်ခံရတဲ့ အမျိုးသမီးမှာ ဒဏ်ရာပြင်းထန်တာကြောင့် သန်လျင်ဆေးရုံမှ ရန်ကုန်ဆေးရုံကြီးကို လွှဲပေးခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၈ ရက် ည ၉ နာရီကလည်း မြောက်ဒဂုံမြို့နယ် တောင်မြောက်လမ်းဆုံအနီးမှာ အလုပ်ကပြန်လာတဲ့ အမျိုးသားတယောက်ကို အမည်မသိသူတွေက ဓားနဲ့ထိုးပြီး ဖုန်းနဲ့ရွှေဆွဲကြိုးတကုံး လုယက်သွားတဲ့ ဖြစ်စဥ်လည်း ရှိပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်း ရန်ကုန်တိုင်းမှာ လူသတ်လုယက်မှုပေါင်း ၁၅၁ မှုဖြစ်ခဲ့ပြီး စစ်ကောင်စီ လက်အောက်ခံရဲတွေက အမှု့ ၂၀ လောက်ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။


