Home
မြန်မာသတင်း
သန်လျင်တွင် အငှားယာဥ်မောင်းအားသတ်ပြီး ကားလုသူ ၂ ဦးကို ပုဒ်မ ၂ ခုဖြင့် အမှုဖွင့်
DVB
·
October 9, 2025

ရန်ကုန်၊ သန်လျင်မြို့နယ်၊ အလယ်ကျေးရွာ၊ သီလဝါ ၆ လမ်းသွားကားလမ်းမှာ အောက်တိုဘာ ၅ ရက်က အငှားယာဥ်မောင်းကို သတ်ပြီး ကားလုယူခဲ့သူလို့ သံသယရှိသူ ၂ ယောက်ကို သန်လျင်မြို့မရဲစခန်းက ပုဒ်မ ၂ ခုနဲ့ အမှုဖွင့်ထားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

လုယက်သူ ၂ ယောက်မှာ သန်လျင်မြို့နယ်၊ စစ်ပင်ကွင်းကျေးရွာ တောင်ဘက်ကွင်းနေ ထက်ရှိုင်းဇော်နဲ့ သုံးခွမြို့နယ်၊ ပုလဲစံပြကျေးရွာနေ သက်ဝေဦး တို့ဖြစ်ပြီး အောက်တိုဘာ ၆ ရက် ညပိုင်းက ဖမ်းမိခဲ့တာလို့ မြို့ခံတယောက်က ပြောပါတယ်။

“ကားငှားစီးရင်း ကားပေါ်မှာ ယာဥ်စီးခကိစ္စနဲ့ စကားများပြီး ယာဥ်မောင်းကို ဝက်အူလှည့်နဲ့ ထိုးသတ်ပြီး အလောင်းကို ၆ လမ်းသွားလမ်းမှာ လွှင့်ပစ်ပြီး ကားကိုယူသွားတာ။ ရဲတွေက ကားကို သန်လျင်မှာပဲ လာသိမ်းသွားတယ်။ လုယက်သတ်ဖြတ်သွားတဲ့ ၂ ယောက်က အသက် ၁၇ နှစ်ပဲ ရှိသေးတယ်။”

သေဆုံးသူမှာ သာကေတမြို့နယ်၊ အမှတ် ၃ ရန်ပြေရပ်ကွက်၊ ရန်ပြေ ၁၈ လမ်းနေ ဦးစံသိန်း ဖြစ်ပြီး သူမောင်းနှင်တဲ့ YGN-21 BB/8983 TOYOTA PROBOX အဖြူရောင်ယာဥ်ကိုလည်း ပြန်လည်သိမ်းဆည်းရမိခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတယောက်က DVB ကို ပြောပါတယ်။

“လုတဲ့ ၂ ယောက်ကို မိပါပြီ။ စကားများလို့ သတ်တယ်လို့ ပြောပေမဲ့ ဝက်အူလှည့်၊ ကတ်ကြေးနဲ့ ၃၁ ချက် ထိုးသတ်ပြီး အလောင်းကိုပစ်၊ ကားနံပါတ်ပြားတွေပါ ဖြတ်လွှင့်ပစ်ပြီး ကားယူသွားတာ။ လူသတ်မှုရော လုယက်မှုရော ပုဒ်မ ၂ ခုနဲ့ အမှုဖွင့်ထားတယ်။”

လတ်တလောမှာ ပြစ်မှုကျူးလွန်သူ ထက်ရှိုင်းဇော်နဲ့ သက်ဝေဦး တို့ကို သန်လျင်မြို့မရဲစခန်းက (ပ)၃၅၅/၂ဝ၂၅၊ ပုဒ်မ ၃ဝ၂/၃၉၂ နဲ့ အမှုဖွင့်ထားတယ်လို့ ဆိုပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024