Home
မြန်မာသတင်း
သန်လျင်တွင် အငှားယာဥ်မောင်း ၁ ဦးကို သတ်ပြီး ကားလုယက်ခံရ
DVB
·
October 7, 2025

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ် ၆ လမ်းသွားကားလမ်းမပေါ်မှာ အောက်တိုဘာ ၆ ရက် ညနေ ၃ နာရီက အငှားယာဥ်မောင်းတယောက်ကို သတ်ပြီး စွန့်ပစ်ထားကာ ကားကို လုယက်သွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

လုယက်သူတွေဟာ အငှားယာဥ်မောင်းကို ညပိုင်းက သတ်ခဲ့ပြီး သန်လျင်မြို့ ၆ လမ်းသွား ကားလမ်းမတနေရာမှာ စွန့်ပစ်ထားကာ ကားကိုယူသွားတာလို့ မြို့ခံတယောက်က ပြောပါတယ်။

“အသတ်ခံရတဲ့ ဦးလေးက သာကေတဘက်က၊ ၅ ရက်နေ့ကတည်းက သူ့အဖေရော ကားရော ပျောက်နေတယ်ဆိုတာ သူ့သားကိုယ်တိုင် လူမှုကွန်ရက်မှာ ပို့စ်တင်ပြီး အကူအညီတောင်းတယ်။ ပြန်တွေ့တော့ လုယက်သတ်ဖြတ်ခံရတဲ့ပုံစံဆိုတော့ မိသားစုတွေ ရင်ကွဲပက်လက် ဖြစ်တာပေါ့။ ရန်ကုန်မှာ လုယက်သတ်ဖြတ်မှုတွေက တနေ့တမျိုး မရိုးနိုင်အောင်ကို ဖြစ်နေပြီ။”

သေဆုံးသူမှာ သာကေတမြို့နယ်၊ အမှတ် ၃ ရပ်ကွက်၊ ရန်ပြေ ၁၈ လမ်း အနောက်မှာ နေထိုင်တဲ့ အသက် ၆၅ နှစ်အရွယ် ဦးစံသိန်း ဖြစ်ပြီး အောက်တိုဘာ ၅ ရက် ညပိုင်းမှာ အမျိုးသား ၃ ယောက်က လုယက်သတ်ဖြတ်ခဲ့တာလို့ အုပ်ချုပ်ရေးနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

“လုတဲ့သူ ၃ ယောက်ကို မိထားတယ်လို့ စခန်းဘက်က ပြောတယ်။ လက်ရှိ စစ်ဆေးနေတယ်။ ကားကိုလုတာက တစစီဖြုတ်ပြီး ရောင်းစားတဲ့သူ။ ရန်ကုန်မှာ တက္ကစီသမားတွေ သတ်ပြီး လုတဲ့သူမိရင် အများစုက တစစီ ဖြုတ်ရောင်းတဲ့သူတွေ များတယ်။”

မနေ့ကလည်း ရန်ကုန်မြို့လယ်ကောင်၊ ပန်းဘဲတန်းမြို့နယ်၊ အမှတ် ၁၁ ရပ်ကွက်၊ ၃၂ လမ်း၊ အထက်ဘလောက်မှာရှိတဲ့ Beauty Land Hotel မှာ အမျိုးသမီးတယောက်ကို အပိုင်းပိုင်း ခုတ်ထစ် သတ်ဖြတ်သွားသူကိုလည်း အခုချိန်ထိ ရဲတွေက ဖမ်းမမိသေးပါဘူး။

ဒါ့အပြင် သြဂုတ်လအတွင်းက မရမ်းကုန်းနဲ့ လသာမြို့နယ်မှာ တောင်ကိုရီးယားနိုင်ငံသားနဲ့ တရုတ်နိုင်ငံသားတယောက် သတ်ဖြတ်ခံရတဲ့ဖြစ်စဥ်ကို စစ်ကောင်စီဘက်က အရေးယူနိုင်ခြင်း မရှိသေးပါဘူး။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013