
ရန်ကုန်၊ သန်လျင်မြို့နယ်မှာ နိုဝင်ဘာ ၁ ရက် ဒီကနေ့ မနက် ၉ နာရီခွဲက လေပြင်းတိုက်ခတ်လို့ နေအိမ်တချို့ပြိုကျပြီး တိရစ္ဆာန်တချို့လည်း သေဆုံးခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
အုပ်ဖိုစုရပ်ကွက်မှာ ဒီကနေ့ မနက် ၉ နာရီခွဲက မိုးသည်းသည်းထန်ထန်ရွာသွန်းပြီး လေပြင်းတိုက်ခတ်ခဲ့တာကြောင့် အိမ်တချို့ပြိုကျသလို ဆိတ်မွေးမြူရေးခြံက ဆိတ်အကောင် ၃၀ သေဆုံးခဲ့တယ်လို့ မြို့ခံတယောက်က DVB ကို ပြောပါတယ်။
“မိုးရွာတဲ့အချိန် လေက အတော်ပြင်းပြင်းတိုက်တာ။ လေဆင်နှာမောင်းတိုက်တာဖြစ်မယ်။ နေအိမ်တွေလည်းပြိုတယ်။ ရထားလမ်းအရှေ့ဘက်ကဆိတ်ခြံဆိုပြိုပြီး ဆိတ်အကောင် ၃၀ လောက် သေသွားတယ်။ ငပလမ်းက အိမ်တွေအမိုးလန်တာ၊ ပျက်စီးတာနဲ့ ထိခိုက်မှုအတော်များတယ်” လို့ ပြောပါတယ်။
လက်တလောမှာ အုတ်ဖိုစုရပ်ကွက်အတွင်း သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ ပရဟိတ အဖွဲ့အစည်းတွေက ကူညီကယ်ဆယ်ပေးနိုင်ရေးအတွက် စာရင်းကောက်ယူနေတယ်လို့လည်း သူကပြောပါတယ်။
အလားတူ ဒီကနေ့ မနက် ၁၁ နာရီကလည်း ဆိပ်ကြီးခနောင်တိုမြို့နယ်၊ ခ/အနောက်ရပ်ကွက် အေးသီရိလမ်းမှာ မိုးသည်းသည်းထန်ထန်ရွာသွန်းပြီး လေပြင်းတိုက်ခတ်တာကြောင့် နေအိမ်တွေအမိုးလန်ပျက်စီးပြီး သစ်ပင်ကြီးလဲကျလို့ ရှင်းလင်းနေရတယ်လို့ မီးသတ်တပ်ဖွဲ့ဝင်တယောက်က DVB ကို ပြောပါတယ်။
“ဆိပ်ကြီးခနောင်တိုမှာ နေအိမ်တွေအမိုးလန်တာ၊ သစ်ပင်ကြီးတွေလဲတာပဲရှိတယ်။ လူထိခိုက်မှုတော့ မရှိဘူး။ မိုးဇလက မနေ့ကနေ ၆ ရက်အတွင်း လေပြင်းတိုက်မယ် သတိထားဖို့ ကြေညာထားတယ်၊ အဲဒီထဲမှာ ရန်ကုန်လည်းပါတယ်” လို့ ပြောပါတယ်။
အောက်တိုဘာ ၃၁ ရက် ညပိုင်းက မိုးလေဝသနဲ့ဇလဗေဒဦးစီးဌာနရဲ့ အထူးသတိပေးထုတ်ပြန်ချက်အရ နိုဝင်ဘာ ၁ ရက်ကနေ ၆ ရက်အတွင်း တနိုင်ငံလုံးမှာ ာ နေရာကွက်ကြားမိုးရွာပြီး တချို့နေရာတွေမှာ လေပြင်းတိုက်ခတ်နိုင်လို့ သတိထားနေထိုင်ကြဖို့ ကြေညာထားပါတယ်။


