
စစ်တပ်ဩဇာခံ ကရင်ပြည်နယ်နယ်ခြားစောင့်တပ် (BGF) ကနေ ကရင်အမျိုးသားတပ်မတော် (KNA)အမည်နဲ့ တံဆိပ်တွေကို ၂၀၂၆ နှစ်သစ်ကူး ဇန်နဝါရီ ၁ ရက်နေ့မှာ စတင်ပြောင်းလဲ တပ်ဆင်လိုက်ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၂၀ ရက်က ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူ အထူးဒေသမှာ ကရင်ပြည်နယ်နယ်ခြားစောင့်တပ် (BGF)အနေနဲ့ ကရင်အမျိုးသားတပ်မတော် (KNA) အဖြစ် ပြောင်းလဲဖွဲ့စည်းဖို့ သက်ဆိုင်ရာ ဆရာတော်ကြီးတွေ၊ နိုင်ငံရေးပါတီတွေ၊ ပြည်သူလူထုတွေနဲ့ တွေဆုံပြီး သဘောထား ရယူခဲ့ပါတယ်။
အဲဒီနောက်ပိုင်း စစ်ကောင်စီထံ အဆင့်ဆင့် တင်ပြသွားမယ်လို့ BGF ပြောရေးဆိုခွင့်ရှိသူက ပြောဆိုခဲ့ပါတယ်။ နောက်ဆက်တွဲအနေနဲ့ နှစ်သစ်ကူးနေ့ဖြစ်တဲ့ ဇန်နဝါရီ ၁ ရက်မှာ နယ်ခြားစောင့်တပ် (BGF) က ကရင်အမျိုးသားတပ်မတော်(KNA) တံဆိပ်တွေကို တပ်ဆင် အသုံးပြုခဲ့ပါတယ်။
ကရင်နိုင်ငံရေးလေ့လာသူတယောက်က “BGF ကတော့ KNA တံဆိပ်ကို ပြောင်းမယ်လို့ကတော့ ကြွေးကြော်ထားတာတော့ ကြာပြီလေ။ တရားဝင် မကြေညာတာဘဲ ရှိတယ်။ နယ်ခြားစောင့်တပ်သည် စကမရဲ့ လက်အောက်ခံ စကမရဲ့ အခိုင်းစေခံ၊ လက်ဝေခံအဖွဲ့အစည်းကနေ ပြီတော့မှ ဒီ KNA ပြောင်းလိုက်တဲ့အပေါ်မှာ တံဆိပ်ပြောင်းရုံတင်မဟုတ်ဘဲ လက်တွေ့ လုပ်ဆောင်နေတဲ့ လုပ်ငန်းစဉ်တွေက KNA လို့ တပ်ပြီးတော့ ကရင်ပြည်နယ်ကို ကိုယ်စားပြုပြီးတော့ ကရင်ပြည်သူလူထု ကရင်အမျိုးသားရေးကို ကိုယ်စားပြုတဲ့ နာမည်ကိုယူပြီးမှ စကမရဲ့ အလုပ်ကိုလုပ်နေမယ်ဆိုရင် ဒါတော့ အဆင်မပြေဘူး။ သို့မဟုတ်ဘဲနဲ့ KNA နာမည်ကိုယူပြီးတော့ စကမရဲ့ ခိုင်းတမျှကို လုပ်နေမယ်၊ စကမ ကို ထောက်ခံနေမယ်ဆိုလို့ရှိရင်တော့ KNA နာမည်ယူတာ ကရင်တမျိုးသားလုံးရဲ့ ဂုဏ်သိက္ခာနဲ့ မိခင် KNU ရဲ့ ဂုဏ်သိက္ခာကို ချတာနဲ့အတူတူပဲလို့ ဒါကို ကျနော်တို့က ပြောချင်ပါတယ်” လို့ ပြောပါတယ်။
ဒါပေမဲ့ အခုလို တံဆိပ်ပြောင်းလဲအသုံးပြုရာမှာ စစ်တပ်ဩဇာခံ BGF ခေါင်းဆောင်ပိုင်းတချို့က လက်မခံတာတွေ ရှိနေပါတယ်။
DKBA စစ်ရေးချုပ် ဗိုလ်မှူးကြီး စောစိန်ဝင်းက “အဲဒီဥစ္စာလည်း ပြောရခက်တယ်။ ကျနော်တို့လည်း ဒီမနက်မှ သတင်းဖတ်မိတယ်။ ဘယ်လိုမှ သုံးသပ်လို့ အဆင်မပြေသေးဘူး။ အခြေအနေ စောင့်ကြည့်ရမယ်။ သက်ဆိုင်ရာအဖွဲ့အစည်းရဲ့ သဘောဆန္ဒဘယ်လိုရှိမှန်း သူတို့ ရည်မှန်းချက်က ဘယ်လိုရှိမှန်း အတိအကျ မပြောနိုင်တဲ့အခါကျတော့ သုံးသပ်ရခက်တယ်။ သက်ဆိုင်ရာက ဘယ်လို ထုတ်ပြန်ကြေညာမလဲ။ သူတို့သဘောထား ဘယ်လို ကြေညာမလဲဆိုတာ မသိသေးဘူး။ အဲဒီကြေညာချက်ပေါ်မှာပဲ စဉ်းစားသုံးသပ်ရမှာပေါ့” လို့ ပြောပါတယ်။
၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၃ ရက်က ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) အနေနဲ့ စစ်တပ်ဆီက ရိက္ခာနဲ့ လစာ ပံ့ပိုးမူတွေ မယူချင်တော့ကြောင်း တရားဝင်စာတင်ခဲ့ပါတယ်။
အဲဒီနောက် ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂၃ ရက်က ကရင်ပြည်နယ်၊ ဘားအံမြို့မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနဲ့ ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး စောချစ်သူ တို့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
ကရင်စစ်ရေလေ့လာသူက “စစ်တပ်ကတော့ လက်မခံဘူးလေ။ KNA ပြောင်းလိုက်ပြီဆို ကတည်းကိုက သူက နယ်ခြားစောင့်တပ် မဟုတ်တော့ဘူး။ နာမည်ကိုက ပြောင်းသွားပြီ။ နယ်ခြားစောင့်တပ် ဆိုတာက နိုင်ငံတော်ကနေ စစ်တပ်ကနေ ဖွဲ့ထားပေးတဲ့ နယ်ခြားစောင့်။ အဲဒီကနေပြီးတော့ KNA ကရင်အမျိုးသားတပ်မတော် ဆိုပြီးတော့ ဖွဲ့လိုက်တဲ့ဥစ္စာက နယ်ခြားစောင့်တပ် မဟုတ်တော့ဘဲနဲ့ သူရဲ့ ကိုယ်ပိုင်စစ်တပ်နဲ့ ပြန်ရင်ဆိုင်မယ်ဆိုတဲ့ ပုံစံမျိုးပေါ့။ တပ်မတော်က ဒီကိစ္စမှာတော့ တကယ်လို့ KNA ဖြစ်သွားကြည့်၊ တပ်မတော်က လုံးဝ လက်ပိုက်ကြည့်နေမှာ မဟုတ်ဘူး။ အဲဒီအခါကျရင် သူကလည်းပဲ ထိုးစစ်ဘာညာ မလာတော့ဘူး။ လေယာဉ်ပျံဗုံးတွေဘာတွေ လာလိမ့်မယ်။ လေယာဉ်ပျံ ဗုံးကြဲတာကိုပဲ တကမ္ဘာလုံးသိအောင် လုပ်ပြီးတော့ ကိုယ်ရဲ့ နိုင်ငံရေးရပ်တည်ချက်ကို လုံးဝ ပြောင်းသွားလိုက်တာက သင့်တော်တယ်လို့ ထင်တယ်” လို့ ပြောပါတယ်။
နယ်ခြားစောင့်တပ် (BGF) တာဝန်ရှိသူတွေကို DVB က ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ အခု သတင်းထုတ်လွှင့်ချိန်ထိ ပြန်လည်ဖြေဆိုတာမရှိပါဘူး။
ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) ကို ၂၀၁၀ မှာ တိုးတက်သော ကရင့်အမျိုးသားတပ်မတော် DKBA ကနေ ခွဲထွက်ပြီး ထူထောင်ခဲ့တာပါ။
စစ်တပ်လက် အောက်ခံ ကရင်ပြည်နယ်နယ်ခြားစောင့်တပ်ဟာ တပ်နယ် ၄ ခုကို တပ်ရင်း ၁၃ ခုနဲ့ ဖွဲ့စည်းခဲ့ပြီးနောက် ဗိုလ်မှူးကြီးစောချစ်သူက အထွေထွေအတွင်းရေးမှူးတာဝန် ထမ်းဆောင်ခဲ့ပါတယ်။
ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ် (BGF/KNA) ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူနဲ့ သား ၂ ယောက်ဖြစ်တဲ့ စောထူးအယ်မူးနဲ့ စောချစ်ချစ်တို့ကို ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေနဲ့ ဆက်စပ်ပတ်သက်နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အမေရိကန်ဘဏ္ဍာရေးဌာန နိုင်ငံခြားပိုင်ဆိုင်မှု ထိန်းချုပ်ရေးရုံး (OFAC) က ပိတ်ဆို့ဒဏ်ခတ် အရေးယူထားပါတယ်။
အောင်ခန့်


