Home
ဆောင်းပါး
စစ်အုပ်စုရဲ့ ‘ဟန်ပြသက်သက်’ ကျားဖြန့်နှိမ်နင်းရေး
DVB
·
December 6, 2025

အရှေ့တောင်အာရှရဲ့ အကြီးမားဆုံး အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) တွေနဲ့ လူကုန်ကူးမှုတွေရဲ့ အချက်အခြာနေရာ ဖြစ်ပေမဲ့၊ KK Park ကတော့ လူမြင်ကွင်းမှာတင် ပေါ်ပေါ်ထင်ထင် လည်ပတ်နေတာပါ။ ဒါဟာ ရိုးရိုးစီးပွားရေးလုပ်ငန်း မဟုတ်ဘူးဆိုတာ အတော်လေး ရှင်းပါတယ်။ မြန်မာဘက်ခြမ်းက လက်နက်ကိုင်အစောင့်တွေ ဝန်းရံထားတဲ့ ဒီဝင်းကြီးကို ထိုင်းနိုင်ငံဘက်ခြမ်း မဲဆောက်မြို့ကနေတောင် လှမ်းမြင်နေရပါတယ်။

ဧက ၅၂၀ လောက် ကျယ်တဲ့ ဒီဝင်းကြီးထဲမှာ တိုက်မြင့်တွေ၊ အိပ်ဆောင်တွေ၊ ရုံးခန်းတွေ၊ စားသောက်ဆိုင်တွေ၊ ဆေးရုံနဲ့ လုံးချင်းအိမ်တွေ ရှိပါတယ်။ ဒါကိုကြည့်ရင် မြဝတီမြို့မှာ စက်မှုဇုန်အဆင့် လည်ပတ်နေတဲ့ လုပ်ငန်းကြီးတခုလို ဖြစ်နေတာပါ။

ပြီးခဲ့တဲ့အပတ်ကတော့ အဲဒီလုပ်ငန်းရဲ့ လှုပ်ရှားမှုတချို့ ရုတ်တရက် ရပ်တန့်သွားခဲ့ပါတယ်။ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ KK Park နဲ့ ရွှေကုက္ကိုလို ကျားဖြန့်စခန်းတွေက နိုင်ငံခြားသား ထောင်ပေါင်းများစွာကို စစ်ကောင်စီတပ်ကဝင် ရောက်ဖမ်းဆီးခဲ့ပါတယ်။ ပြီးတော့ အဆောက်အအုံတွေကို ဖောက်ခွဲရေးပစ္စည်းတွေသုံးပြီး ဖြိုချပြခဲ့ပါသေးတယ်။ ကျားဖြန့်စခန်းတွေကို ကျယ်ကျယ်ပြန့်ပြန့် နှိမ်နင်းနေတာပါလို့လည်း စစ်ကောင်စီက ဝါဒဖြန့် ပြောပါတယ်။

ဒါပေမဲ့ အလုပ်သမားတွေနဲ့ ကျွမ်းကျင်သူတွေကတော့ ဒါဟာ ဟန်ပြလုပ်ရပ်သက်သက်ပဲလို့ သုံးသပ်ကြပါတယ်။

သြစတြေးလျ မဟာဗျူဟာမူဝါဒ အင်စတီကျုက လေ့လာသုံးသပ်သူ နေသန်ရူဆာကတော့ KK Park တခုလုံးရဲ့ ၁၃ ရာခိုင်နှုန်းလောက်ကိုပဲ ဖျက်ဆီးထားတာကို ဂြိုဟ်တုဓာတ်ပုံတွေမှာ တွေ့ရတယ်လို့ ဆိုပါတယ်။ စစ်ကောင်စီဘက်ကတော့ ကျန်နေတဲ့ အဆောက်အအုံ ၅၀၀ ကျော်ကို ဆက်လက်ဖျက်ဆီးသွားမယ်လို့ ပြောပါတယ်။ ဒါပေမဲ့ အလုပ်သမားတွေကတော့ သူတို့ဟာ တခြားဝင်းတွေဆီ ရွှေ့သွားကြပြီဖြစ်ပြီး၊ အဲဒီနေရာတွေကနေ ဆက်ပြီး လိမ်လည်တဲ့လုပ်ငန်းတွေ ဆက်လုပ်နေကြတယ်လို့ ပြောပါတယ်။

ဟားဗတ်တက္ကသိုလ် အာရှစင်တာက ဧည့်ပါမောက္ခလည်းဖြစ်၊ နိုင်ငံဖြတ်ကျော်မှုခင်းဆိုင်ရာ ကျွမ်းကျင်သူ လည်းဖြစ်တဲ့ ဂျက်ကော့ဆင်းမ်ကတော့ "လူမရှိတဲ့ အဆောက်အအုံတချို့ကို ဖြစ်ကတတ်ဆန်း ဖောက်ခွဲပြတာက အင်အားပြချင်လို့ လုပ်တာဖြစ်နိုင်ပါတယ်၊ လက်တွေ့မှာတော့ ဘာမှအရာမရောက်ပါဘူး" လို့ ပြောပါတယ်။

"သူတို့က ဒီဝင်းတွေကို တကယ်ဝင်စီးတာ မဟုတ်ပါဘူး။ KK Park က ခေါင်းဆောင်ပိုင်း တယောက်မှလည်း အဖမ်းမခံရပါဘူး" လို့ သူက ဆက်ပြောပါတယ်။

ကွန်ပျူတာ အလုံးရာချီကို မြေကော်ကားနဲ့ ကြိတ်ပြတာတွေ၊ အဆောက်အအုံတွေ ဖျက်ဆီးတာတွေကို စစ်အုပ်စုရဲ့ မီဒီယာတွေမှာ ရက်ချီ ထုတ်လွှင့်ပြသခဲ့ပါတယ်။ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း ဒါဟာ “အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွေကို အမြစ်ပြတ်ချေမှုန်းမယ်” ဆိုတဲ့ သက်သေပြချက်ပဲလို့ ပြောပါတယ်။

“အွန်လိုင်းလောင်းကစားလုပ်ငန်းတွေ ပြန်မလုပ်နိုင်အောင် ကျနော်တို့ ဆောင်ရွက်ခဲ့ပါတယ်။ အဲဒီအတွက် အဲဒီနေရာက အဆောက်အအုံ ၁၀၀ ရာခိုင်နှုန်းလုံးကို ဖျက်ဆီးခဲ့ပါတယ်" လို့ မြန်မာ့အလင်းသတင်းစာမှာ ဖော်ပြထားပါတယ်။

နိုဝင်ဘာ ၂၆ ရက်နေ့က Global New Light of Myanmar ဝက်ဘ်ဆိုက်မှာ ဖော်ပြထားတာကတော့ ရည်မှန်းထားတဲ့ အဆောက်အအုံ ၆၀၀ ကျော်ထဲက KK Park မှာရှိတဲ့ ကျားဖြန့်အဆောက်အအုံ ၂၃၇ လုံးကို ဖျက်ဆီးခဲ့ပြီးပြီလို့ ဆိုပါတယ်။

ထိပ်ပိုင်းက စစ်ဘုရင်

မြန်မာနဲ့ ထိုင်းနယ်စပ်တလျှောက်က ကျားဖြန့်စခန်းတွေရဲ့ နောက်ကွယ်က ကြိုးကိုင်သူကတော့ ဗိုလ်မှူးကြီး စောချစ်သူ ဖြစ်ပါတယ်။ သူဟာ စစ်ဘုရင်တဖြစ်လဲ စီးပွားရေးသမားဖြစ်ပြီး မြန်မာစစ်တပ်လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် (BGF) ကို ထိန်းချုပ်ထားသူဖြစ်တယ်လို့ အမေရိကန်နဲ့ ဗြိတိန်တို့က ပြောပါတယ်။

၂၀၂၃ ဇန်နဝါရီလတုန်းက စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က စောချစ်သူကို "စွမ်းဆောင်ရည်ထူးချွန်မှု"နဲ့ သစ္စာရှိမှုအတွက် ဂုဏ်ထူးဆောင်ဘွဲ့ ပေးအပ်ခဲ့ပါတယ်။ ဂြိုဟ်တုဓာတ်ပုံတွေအရ KK Park ပတ်လည်မှာ လက်နက်ကိုင်ကင်းစခန်း အနည်းဆုံး ၄ ခုလောက်ရှိတယ်လို့ ရူဆာက ပြောပါတယ်။ ဒီဝင်းကို BGF တပ်သားတွေက စောင့်ကြပ်ပေးထားတယ်လို့ အလုပ်သမားတွေကလည်း ပြောကြပါတယ်။

နိုင်ငံဖြတ်ကျော်မှုခင်းဆိုင်ရာ အကြီးတန်းကျွမ်းကျင်သူ ဂျေဆန် တာဝါကတော့ BGF ဟာ တရုတ်မာဖီးယားဂိုဏ်းတွေနဲ့ပေါင်းပြီး ကီလိုမီတာ ၂၀၀ ရှည်တဲ့ မြန်မာ-ထိုင်း နယ်စပ်တလျှောက်မှာ ကျားဖြန့်စခန်းပေါင်း ၄၀ လောက်ကို လည်ပတ်နေတာလို့ ဆိုပါတယ်။ အဲဒီစခန်းတွေမှာ လူပေါင်း ၁ သိန်းလောက် ရှိနေပါတယ်။

၂၀၂၃ ကစပြီး စစ်ကောင်စီဟာ သူ့ရဲ့အနီးကပ်ဆုံးမဟာမိတ် တရုတ်နိုင်ငံရဲ့ ဖိအားပေးမှုကို ခံခဲ့ရပါတယ်။ အကြောင်းရင်းကတော့ တရုတ်နိုင်ငံသားတွေ လိမ်ခံရတာ၊ လူကုန်ကူးခံရတာတွေ များလာလို့ပါ။ ဒါပေမဲ့ နှိမ်နင်းမှုတွေက ရွေးချယ်ပြီးလုပ်တဲ့ပုံစံ ဖြစ်နေပါတယ်။ ပေကျင်းက သူ့နိုင်ငံသားတွေကိစ္စကိုပဲ ဂရုစိုက်တာပါလို့ ဂျေဆန်တာဝါက ပြောပါတယ်။

မကြာသေးမီက အမေရိကန်က Scam Center Strike Force ဖွဲ့စည်းပြီး ပါဝင်လာတာက တရုတ်ကို ဖိအားပိုဖြစ်စေပါတယ်။ "ဒါကြောင့်မို့လို့ အခုအချိန်မှာ ပိုထိရောက်တဲ့ နှိမ်နင်းမှုတွေလုပ်ဖို့ တရုတ်က တွန်းအားပေးလာတာ" လို့ သူက ဆက်ပြောပါတယ်။

BGF ပြောခွင့်ရ နိုင်မောင်ဇော်ကတော့ အမေရိကန်နဲ့ တရုတ်ဖိအားကြောင့် လုပ်တာမဟုတ်ဘူးလို့ ငြင်းပါတယ်။ "ကျားဖြန့်စခန်းတွေကို ရှင်းမယ်လို့ ကျနော်တို့ ဆုံးဖြတ်ပြီးသားပါ။ အခုတော့ အချိန်ကိုက် ဖြစ်သွားတာပေါ့"လို့ သူကပြောပါတယ်။ "ရက်ပိုင်းအတွင်းတခု မကျန် ရှင်းထုတ်သွားမှာပါ" လို့လည်း သူကဆိုပါတယ်။

ဒါပေမဲ့ အလုပ်သမားဟောင်းတွေကို မေးမြန်းကြည့်တဲ့အခါ ဒီရာဇဝတ်ဂိုဏ်းကွန်ရက်တွေကို ရှင်းဖို့ ဘယ်လောက်ခက်ခဲမလဲဆိုတာ တွေ့ရပါတယ်။ ရွှေကုက္ကို ကျားဖြန့်စခန်းမှာ လုပ်ခဲ့တဲ့ မင်းသူဝင်းက ပြောတာကတော့ "ဝင်ရောက်စီးနင်းတာတွေ ဖြစ်လာနိုင်တယ်" ဆိုပြီး တရုတ်ကြီးကြပ်ရေးမှူးတွေက အလုပ်သမားတွေကို အိမ်ပြန်ခိုင်းခဲ့တယ်လို့ ဆိုပါတယ်။

အောက်တိုဘာ ၂၂ ရက်နေ့ KK Park မှာ ညဆိုင်းဆင်းနေတုန်း စစ်သားတွေလာနေပြီဆိုပြီး လူတွေ အပြင်ကို ပြေးထွက်ကုန်ကြတယ်လို့ စန္ဒီလင်းက ပြောပြပါတယ်။

စန္ဒီလင်းရဲ့ အလုပ်က အင်စတာဂရမ်မှာ အသက် ၅၀ ကျော်တွေကို ပစ်မှတ်ထားပြီး ဆက်သွယ်ဖို့ လိပ်စာတွေ ရှာပေးရတာပါ။ ပြီးရင် "စကားပြောတဲ့အဖွဲ့" ဆီ လွှဲပေးရပါတယ်။ တရက်ကို ပစ်မှတ် ၂ ယောက် ရှာမပေးနိုင်ရင် သူ့လစာ ဒေါ်လာ ၄၆၀ ထဲကနေ ဒေါ်လာ ၆၀ အဖြတ်ခံရတယ်လို့ ဆိုပါတယ်။

"ကျမတို့ ကုမ္ပဏီက မြဝတီနားက ၂၅ ဧက လို့ခေါ်တဲ့ နေရာမှာ အဆောက်အအုံသစ် ငှားပြီး လုပ်ငန်းပြန်စနေပါပြီ" လို့ သူက ပြောပါတယ်။ "ကုမ္ပဏီက လူတိုင်းက တယ်လီဂရမ် တခုတည်းမှာ ရှိနေကြတော့ ဆက်လုပ်ချင်တဲ့သူတွေ အကုန်လုံး အဲဒီနေရာသစ်ကို သွားကြတယ်" လို့ ပြောပြပါတယ်။

သန်းစိုးကတော့ လစာမရဘဲ KK Park ကနေ ထွက်ပြေးလာခဲ့ရပါတယ်။ အခုတော့ Apollo Park လို့ခေါ်တဲ့ တခြား ကျားဖြန့်စခန်းတခုမှာ အလုပ်လုပ်နေပါတယ်။ "စစ်တပ်က ကွန်ပျူတာတွေ၊ ဖုန်းတွေ ဖျက်ဆီးပြတာက ဘာမှ အဓိပ္ပာယ်မရှိပါဘူး။ သူတို့က အချိန်မရွေး အသစ်ပြန်ဝယ်နိုင်တာပဲလေ။ KK Park က တကယ်ပိတ်သွားတာ မဟုတ်ပါဘူး။ ဟန်ပြလုပ်နေတာပါ" လို့ သူက ပြောပါတယ်။

ဆွီလီဝီ

Ref: The New York Times/ Bangkok Post

( ဆောင်းပါးရှင် Sui-Lee Wee  ရေးသားထားတဲ့ “Scam centre explosions ‘all for show’ ဆောင်းပါးကို ဘာသာပြန်ဆိုဖော်ပြတာဖြစ်ပါတယ်။ ဒီဆောင်းပါးကို The New York Times သတင်းစာမှာ မူလဖော်ပြခဲ့ပြီး  Bangkok Post သတင်းစာဝက်ဆိုက်မှာ ထပ်မံဖော်ပြထားတဲ့ ဆောင်းပါးဖြစ်ပါတယ်။

ဆောင်းပါးရှင်- Sui-Lee Wee ဟာ The New York Times သတင်းဌာနရဲ့ အရှေ့တောင်အာရှဆိုင်ရာ ဗျူရိုအကြီးအကဲဖြစ်ပြီး၊ ဒီဒေသတွင်းက နိုင်ငံပေါင်း ၁၁ နိုင်ငံရဲ့ သတင်းဖော်ပြမှုတွေကို တာဝန်ယူ ကြီးကြပ်နေသူ ဖြစ်ပါတယ်။)

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013