
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်၊ မင်းလက်ပံရွာရှိ ကျားဖြန့် အွန်လိုင်းငွေလိမ်လုပ်ငန်းက ထိန်းသိမ်းခံထားရတဲ့ နိုင်ငံခြားသားတွေဟာ ကရင်နယ်ခြားစောင့်တပ် (BGF) က ကာကွယ်ပေးထားတဲ့ ကျားဖြန့်ရုံတွေဆီ သွားရောက်ခွင့်ပြုဖို့ ဆန္ဒပြတောင်းဆိုနေတယ်လို့ အလုပ်သမားအရေး လှုပ်ရှားသူတွေက ပြောပါတယ်။
မင်းလက်ပံ အွန်းလိုင်ကျားဖြန့်ငွေလိမ်လုပ်ငန်းက နေရပ်မပြန်လိုတဲ့ တရုတ်နိုင်ငံသားအများစု အပါအဝင် နိုင်ငံခြားသား ကျားဖြန့်လုပ်သား ၉၀၀ ကျော်ဟာ နယ်မြေလုံခြုံရေးအခြေအနေကြောင့် ကိုယ်ပိုင်အစီအစဥ်နဲ့ နေရပ်ပြန်ကြဖို့ KNU က ထွက်ခွာခွင့်ပြုခဲ့ပါတယ်။
ဒါပေမဲ့ ဒီဇင်ဘာ ၉ ရက်မှာ ကျားဖြန့်ရုံအတွင်းက နိုင်ငံခြားသားတွေဟာ အဆောက်အအုံတွေကို မီးရှို့ဖျက်ဆီးခဲ့ပြီး BGF ကာကွယ်ပေးထားတဲ့ ကျားဖြန့်ရုံတွေမှာ သွားရောက်နိုင်ဖို့ ဆန္ဒပြတောင်းဆိုနေတာလို့ အလုပ်သမားအရေးလှုပ်ရှားသူတွေက ပြောပါတယ်။
အလုပ်သမားအရေးလှုပ်ရှားသူတယောက်က “တရုတ်တွေက ဆန္ဒပြတဲ့ပုံစံက BGF အထဲမှာ တရုတ်သူဌေးတွေ ရောက်နေတယ်။ အဲဒီ သူဌေးတွေနဲ့ ဒီထဲက တရုတ်တွေနဲ့ အဆက်အသွယ်ရပြီးတော့ ဗိုလ်တင်ဝင်းတို့ နေရာတွေမှာ နေရာကောင်းတယ်။ သူတို့ကို ပြန်လွှတ်ပေးဖို့ ဆန္ဒပြတောင်းဆိုတာတွေ လုပ်ခိုင်းပြီးတော့မှ သူတို့လွတ်သွားလို့ရှိရင် ဒီမှာလုပ်လို့ရတဲ့ နေရာမျိုးကို သူတို့သွားချင်လို့ မသွားရလို့လည်း ဆန္ဒပြတာတွေ ဖြစ်သွားတာ” လို့ ပြောပါတယ်။
မင်းလက်ပံရွာမှာ DKBA ဖွင့်လှစ် အကာအကွယ်ပေးထားတဲ့ ကျားဖြန့်ရုံကို KNU နဲ့ ပူးပေါင်းတပ်တွေက ဝင်ရောက်စီးနင်းပြီး အဆိုပါ နိုင်ငံခြားသား ကျားဖြန့်လုပ်သားတွေကို ထိန်းသိမ်းထားတာပါ။
မင်းလက်ပံကျားဖြန့်ရုံက KNU ထိန်းသိမ်းထားတဲ့ သက်သေတွေကို ပြန်လည်ရယူနိုင်ဖို့ စစ်ကောင်စီတပ်က မြေပြင်နဲ့ ဝေဟင်ပစ်ကူရယူပြီး စစ်ကြောင်းထိုးနေတာကြောင့် ဖလူးကျေးရွာနဲ့ မင်းလက်ပံကျေးရွာအနီးမှာ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
မြဝတီမြို့မှာလည်း စစ်တပ်က ကျားဖြန့်ရုံတွေကို ရှင်းလင်းရေးလုပ်ဆောင်နေပြီး အလုပ်သမားတွေကို ထိန်းသိမ်းရေးစခန်းတွေဆီ ပို့ဆောင်ထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
မြဝတီမြို့ခံတယောက်က “အမတို့နားမှာရှိတဲ့ ရုံတရုံတော့ မနေ့တုန်းက ရှင်းလင်းရေးလုပ်တယ်။ ရှင်းလင်းရေးလုပ်ပြီးတော့ အဲဒီလူတွေကို ပြန်ခေါ်သွားတယ်။ အဲဒီလူတွေ ဘောလုံးကွင်းမှာရှိမယ်။ အောင်ဇမ္ဗူလင်းဘက်မှာ ရှိမယ်။ သူတို့ ပြန်ထည့်ထားတာ၊ ပြန်ခေါ်သွားတယ်။ အပြင် အဖိတ်အစင်တော့ ပေးမဖြစ်ဘူး။ BGF လား၊ စစ်တပ်လား၊ သူတို့တွေက ပေါင်းထားတာ။ ပေါင်းပြီးတော့ပဲ သူတို့ကဝင်တာ” လို့ ပြောပါတယ်။
ကရင်ပြည်နယ်အတွင်းက ကျားဖြန့်လုပ်ငန်းတွေကို ကိုင်တွယ်ဖြေရှင်းနေတာနဲ့ပတ်သက်ပြီး ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ (KNDP) အနေနဲ့ကတော့ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ဆက်စပ်နေတဲ့အတွက် ဘာမှ သုံးသပ်ပြောလို့မရကြောင်း၊ ရွေးကောက်ပွဲပြီးရင် ဘယ်လိုလာမလဲဆိုတာ စောင့်ကြည့်ရမယ်လို့ ပါတီခေါင်းဆောင်က ပြောပါတယ်။
KNDP ပါတီ ဥက္ကဋ္ဌ မန်းအောင်ပြည်စိုးက “အဲဒါကတော့ ကျနော်တော်တော်ဖြေရခက်တဲ့ဟာပဲ။ အခုဟာက ကရင်လက်နက်ကိုင်အဖွဲ့အစည်းတွေက သူလုပ်တယ်၊ ငါလုပ်တယ်၊ သူမလုပ်ဘူး၊ ငါမလုပ်ဘူး၊ သူ့ကို ငါတိုက်ဖျက်မယ်၊ ပြုမယ်လို့ ပြောနေသလို ဒီဘက် နိုင်ငံတော်အစိုးရဘက်ကလည်း သူတို့မလုပ်ဘူးပေါ့၊ သူတို့ မပတ်သက်ဘူး ဘာညာ။ တဖက်နဲ့ တဖက် အဲလိုပြောဆိုနေတဲ့အပေါ် ကျနော်တို့ကလည်း ဘယ်ဟာ အမှန်လဲ။ ဘယ်ဟာ အမှားလဲဆိုတာ အခုအခြေအနေက ဝေဖန်သုံးသပ်လို့ မရသေးဘူး။ ရွေးကောက်ပွဲပြီးရင်တော့ ဘယ်လိုလာမလဲ မသိဘူး။ အထူးသဖြင့်ကတော့ ဒါက လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ပဲ ဆက်စပ်နေတယ်ဆိုတော့ ကျနော်တို့ကတော့ အဲဒီအပေါ်မှာ ဘာမှ ပြောလို့မရဘူး။ သုံးသပ်လို့လည်း မရဘူး။ အဖြေကလည်း ဘယ်လိုရှာရမလဲဆိုတာ ကျနော်တို့ အခုကတော့ ပြောလို့မရသေးဘူး” လို့ ပြောပါတယ်။
ထိန်းသိမ်းခံထားရတဲ့ နိုင်ငံခြားသား ၉၀၀ ကျော်နဲ့ပတ်သက်ပြီး KNU တာဝန်ရှိသူတွေကို DVB က ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ သတင်းထုတ်လွှင့်ချိန်ထိ ပြန်လည်ဖြေဆိုတာ မရှိပါဘူး။
ဒါ့အပြင် မြဝတီမြို့တောင်ဘက် သောင်ရင်းမြစ်ကမ်းတလျှောက်က နာမည်ဆိုးနဲ့ ကျော်ကြားနေတဲ့ မယ်ထော်သလေး၊ အင်ကြင်းမိုင်၊ ဧက ၁၀၀၊ ရွှေပိတောင်မြိုင်၊ ကျောက်ခက်၊ AA ဆိုက်ဒ်၊ ဝ စတဲ့ မြေနေရာတွေမှာ ကျားဖြန့်ငွေလိမ်လုပ်ငန်းတွေကို BGF နဲ့ DKBA က ကာကွယ်ပေးထားပြီး ဆက်လက် လုပ်ကိုင်နေပါတယ်။
အောင်ခန့်


