
ကျားဖြန့်လုပ်ငန်း အားပေးနေတဲ့ နိုင်ငံတွေစာရင်းကို အမေရိကန်အစိုးရက ထုတ်ပြန်ဖို့ တိုက်တွန်းတဲ့ ဥပဒေကြမ်းကို အမေရိကန်အထက်လွှတ်တော်က အတည်ပြုလိုက်ပါတယ်။
ရက်ပိုင်းအတွင်းမှာ ကျားဖြန့်ရေးရာ ဥပဒေကြမ်း ၂ ခုကို လွှတ်တော် ၂ ရပ်က အတည်ပြုခဲ့ပြီး စစ်ကောင်စီအတွက် ထွက်ပေါက်ပိတ်စေမဲ့ အချက်တွေ ပါဝင်နေပါတယ်။
ကျားဖြန့်လုပ်ငန်း အားပေးနေတဲ့ နိုင်ငံတွေစာရင်းကို အမေရိကန်အစိုးရက ထုတ်ပြန်ဖို့ တိုက်တွန်းထားတဲ့အချက် ပါဝင်တဲ့ ကျားဖြန့်စခန်းများအတွက် တာဝန်ခံမှု ရှိစေရေးနဲ့ စုပေါင်းလှုပ်ရှားမှု အက်ဥပဒေမူကြမ်းကို ဒီဇင်ဘာ ၈ ရက်က အမေရိကန်အထက်လွှတ်တော် (ဆီးနိတ်) မှာ ကန့်ကွက်သူမရှိ အတည်ပြုလိုက်တာပါ။
ဒီဇင်ဘာ ၃ ရက်တုန်းကလည်း နိုင်ငံခြားငွေလိမ်ဂိုဏ်းများ ဖြိုခွင်းရေး အက်ဥပဒေကို အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေးကော်မတီက အတည်ပြုထားပြီး မကြာခင်မှာ အောက်လွှတ်တော် တရပ်လုံးက အတည်ပြုသွားဖို့ ရှိနေပါတယ်။
ကျားဖြန့်နှိမ်နင်းရေးနဲ့ပတ်သက်ပြီး အမေရိကန်အစိုးရ၊ လွှတ်တော်နဲ့ အဓိကပါတီ ၂ ခုစလုံးက သဘောထား တိုက်ဆိုင်နေတဲ့အတွက် မကြာခင်မှာ ဒီဥပဒေတွေ အတည်ပြု အသက်ဝင်လာနိုင်တယ်လို့ လေ့လာသူတွေက မှတ်ချက်ပေးပါတယ်။
လော့စ်အိန်ဂျလိစ်မြန်မာ လှုပ်ရှားမှုအဖွဲ့မှ ဂျိမ်းစ်ရွှေက “ကျားဖြန့်လုပ်ငန်းကို လက်ခံအားပေးနေတဲ့ နိုင်ငံများဆိုပြီး စာရင်းလုပ်ရမယ်ဆိုတာ၊ အဲဒါက စကစကို တရားဝင်မှု တော်တော်ထိခိုက်စေတယ်လို့ ကျနော်တို့ ယူဆတယ်ဗျာ။ နိုင်ငံခြားငွေလိမ်ဂိုဏ်းများ ဖြိုခွင်းရေး အက်ဥပဒေပေါ့၊ အဲဒါကကျတော့ United States Secret Service တို့ ဘာတို့ကို သုံးပြီးတော့ ငွေရေးကြေးရေးဘက် လိုက်စုံစမ်းပြီးတော့ အရေးယူပိတ်ဆို့မယ်၊ ငွေရေးကြေးရေး သူတို့ ဘဏ်အကောင့်တွေကို သိမ်းမယ် ဘာညာ အဲဒီဘက်က ထိရောက်တယ်။ နှစ်ဖက်စလုံး ပေါင်းလိုက်လို့ရှိရင် ဒီကထုံးစံကတော့ အောက်လွှတ်တော်မှာ ဥပဒေတခုတင်တယ်၊ အထက်လွှတ်တော်မှာ ဥပဒေတခုတင်တယ်၊ ခပ်ဆင်ဆင်ပဲ၊ အဲဒါ ၂ ခုစလုံးကို သူတို့ ပေါင်းလိုက်ပြီးတော့ တကယ်တမ်းကျတော့ ဥပဒေတခုပဲ ထွက်လာမှာ။ အဲဒါတွေကိုလည်း နည်းနည်း သူတို့ ထပ်ပြီးတော့ ပိုကောင်းအောင် ပြင်ဆင်ထားတယ် ပြောတယ်။ ပြင်ဆင်ချက်တွေတော့ ကျနော်တို့ မတွေ့သေးဘူးလေ” လို့ ပြောပါတယ်။
ကျားဖြန့်စခန်းများအတွက် တာဝန်ခံမှုရှိစေရေးနဲ့ စုပေါင်းလှုပ်ရှားမှု အက်ဥပဒေဟာ ကျားဖြန့်လုပ်ငန်းတွေကို လက်ခံအားပေးနေတဲ့ နိုင်ငံတွေကို စာရင်းပြုစုကြေညာဖို့ အဓိက တိုက်တွန်းထားတဲ့အတွက် စစ်ကောင်စီက တရားဝင်အစိုးရအဖြစ် နိုင်ငံတကာက အသိအမှတ်ပြုခံရဖို့ ကြိုးစားနေတာတွေအပေါ် သက်ရောက်မှု ကြီးမားလာနိုင်ပါတယ်။
နိုင်ငံခြားငွေလိမ်ဂိုဏ်းများ ဖြိုခွင်းရေး အက်ဥပဒေမှာတော့ ကျားဖြန့်လုပ်ငန်းနဲ့ ဆက်စပ်နေတဲ့ စစ်ခေါင်းဆောင်တွေ၊ နယ်ခြားစောင့်တပ် ခေါင်းဆောင်တွေနဲ့ ခရိုနီလုပ်ငန်းရှင်တွေရဲ့ ပိုင်ဆိုင်မှုတွေကို ရှာဖွေ အရေးယူနိုင်မဲ့ ပြဋ္ဌာန်းချက်တွေ ပါဝင်နေတာပါ။
မြန်မာ့ဒီမိုကရေစီမဟာမိတ်အဖွဲ့မှ ခင်သီရိနန္ဒာစိုးက “Mobilization ဆိုတာ စုပေါင်းပြီးမှ ကိုင်တွယ်ဖြေရှင်းကြဖို့အတွက် အက်ဥပဒေဖြစ်တယ်ပေါ့။ နိုင်ငံခြား၊ အမေရိကန် မဟုတ်တဲ့ တခြားနိုင်ငံတွေ ဘယ်နိုင်ငံကပဲဖြစ်ဖြစ် ဒီလိုကိစ္စတွေကို လက်ခံပြီးတော့ အားပေးနေတာတွေ ရှိမယ်၊ ပူးပေါင်းကျူးလွန်နေတာတွေ ရှိမယ်ဆိုရင် သူတို့တွေက ဖော်ထုတ်ရမယ်။ ဖော်ထုတ်ပြီးရင် အဲဒီတိုင်းပြည်တွေကို တံဆိပ်ကပ်လိုက်မှာပေါ့နော်၊ ဒီလို လက်ခံအားပေးနေတဲ့ တိုင်းပြည်ဆိုတဲ့ တံဆိပ်ကို စစ်အုပ်စုအနေနဲ့ အကပ်ခံလိုက်ရပြီဆိုရင် သူတို့ဟာ သံတမန်ရေး၊ အခုချဉ်းကပ်နေတဲ့ လော်ဘီကိစ္စတွေ၊ စည်းရုံးရေးကိစ္စတွေ စသဖြင့်ပေါ့နော်၊ ဒါတွေဟာ သူတို့အတွက် တံခါးတွေ လုံးဝပိတ်သွားပြီ” လို့ ပြောပါတယ်။
အမေရိကန်အစိုးရက (အွန်လိုင်းငွေလိမ်လုပ်ငန်း) ကျားဖြန့်တိုက်ဖျက်ရေးအထူးအဖွဲ့ Scam Center Strike Force ကို ဖွဲ့စည်းကြောင်း နိုဝင်ဘာ ၁၂ ရက်မှာ ကြေညာခဲ့ပြီးနောက် ကျားဖြန့်လုပ်ငန်းအများစုတည်ရှိရာ ထိုင်း-မြန်မာနယ်စပ်မှာ မြင်သာတဲ့အရေးယူမှုတွေ ရှိခဲ့ပါတယ်။
စစ်ကောင်စီနဲ့ နယ်ခြားစောင့်တပ်တွေက ကျားဖြန့်လုပ်ငန်းတွေကို ဟန်ဆောင်အရေးယူတာ၊ လုပ်ငန်းသုံးပစ္စည်းတွေကို ဖျက်ဆီးပြတာတွေ ပြုလုပ်ခဲ့ပေမဲ့ အမေရိကန်လွှတ်တော်နဲ့ အစိုးရဘက်က ကျားဖြန့်လုပ်ငန်းတွေကို ထိထိရောက်ရောက် အရေးယူနိုင်ရေးအတွက် လုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်နေတာ ဖြစ်ပါတယ်။
သုတချမ်းသာ


