
တောင်ကုတ်-ပန်းတောင်း ရိုးတောင်ကျော်လမ်းအနီး တည်ရှိတဲ့ စစ်ကောင်စီ ပွိုင့် ၆၆၆ စခန်းက ထွက်ပြေးလာတဲ့ တပ်ဖွဲ့ဝင် ၆ ယောက်ကို အာရက္ခတပ်တော် (AA) က လက်နက်ခဲယမ်းနဲ့အတူ ဒီဇင်ဘာ ၃၁ ရက် ညက ဖမ်းဆီးရမိတယ်လို့ သတင်းရရှိပါတယ်။
အာရက္ခတပ်တော်နဲ့ ပူးပေါင်းတော်လှန်ရေးတပ်တို့ရဲ့ ပိတ်ဆို့မှုကို ခံနေရတဲ့ စစ်ကောင်စီ ပွိုင့်ကုန်းဟာ ရေနဲ့ စားနပ်ရိက္ခာ မလုံလောက်မှုအပြင် နေ့စဉ် တော်လှန်ရေးတပ်တွေက စနိုက်ဘာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေတာကြောင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်သစ်တွေဟာ ကြောက်လန့်ပြီး ထွက်ပြေးတာတွေ ရှိနေတယ်လို့ ဒေသခံ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
“မနေ့ညကတော့ ၁၀ ယောက်ကျော် ထွက်ပြေးလာတာပါ။ သူတို့အချင်းချင်း ပစ်ခတ်ကြတယ်၊ AA ဘက် ရောက်တာက ၆ ဦးလို့ သိရတယ်။”
မနေ့ ညနေ ၃ ကျော်ခန့်မှာ တပ်ဖွဲ့ဝင် ၁၀ ယောက်ခန့် ပွိုင့်ကုန်းစခန်းကနေ ထွက်ပြေးလာကြပြီး အချင်းချင်း တိုက်ပွဲဖြစ်ကာ အာရက္ခတပ်တော် တပ်ဖွဲ့ဝင်တွေက ၆ ယောက်ခန့်ကို လက်နက်ခဲယမ်းနဲ့အတူ ဖမ်းမိထားတယ်လို့ သူက ပြောပါတယ်။
စစ်ကောင်စီရဲ့ ရှေ့တန်းစခန်း လေလာတောင်၊ ဆင်လန်၊ ပွိုင့် ၆၆၆ စခန်းတို့ကို AA နဲ့ ပူးပေါင်းတပ်တွေက အဓိက ထောက်ပို့လမ်းကြောင်းကို ဖြတ်တောက်ထားပြီး ထောက်ပို့စစ်ကြောင်းတွေကို ကြားဖြတ်တိုက်ခိုက်နေတဲ့အတွက် စစ်ကောင်စီရဲ့ ရှေ့တန်းစခန်းတွေမှာ စားနပ်ရိက္ခာနဲ့ ရေပြတ်လပ်မှု ရှိတယ်လို့ နောက်ထပ် ဒေသခံအမျိုးသားတယောက်က ပြောပါတယ်။
“သူတို့ ရှေ့တန်းကလူတွေကို ခြေလျင် ထောက်ပို့ တက်လို့မရဘူး၊ တော်လှန်ရေးဘက်က တက်လာရင် တိုက်တယ်၊ အဲဒါနဲ့ ညနေကျရင် ဒရုန်းနဲ့ စားနပ်ရိက္ခာ လာချတယ်။”
တပ်ဖွဲ့ဝင် ရာချီပြီးရှိနေတဲ့ ရှေ့တန်းစခန်းတွေကို ဒရုန်းနဲ့ စားနပ်ရိက္ခာ ပို့ဆောင်နေရတဲ့အပြင် တော်လှန်ရေးတပ်တွေရဲ့ ချောင်းမြောင်းတိုက်ခိုက်မှုကို နေ့စဉ်ခံနေရပြီး တချို့တပ်ဖွဲ့ဝင်တွေလည်း ပြင်းထန်ဒဏ်ရာတွေနဲ့ ဆေးဝါးမလုံလောက်မှုကြောင့် သေဆုံးသူတွေလည်း ရှိတယ်လို့ စစ်ကောင်စီနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းထံက သိရပါတယ်။


