Home
မြန်မာသတင်း
ဆောင်းခိုငှက်များကို ဖမ်းဆီး သတ်ဖြတ် ‌ရောင်းချခြင်း မလုပ်ရန် AA တားမြစ်
DVB
·
December 27, 2025

ရခိုင်ပြည်က အာရက္ခတပ်တော် ထိန်းချုပ်မြို့နယ်တွေမှာ ဆောင်းခိုငှက်တွေ ဖမ်းဆီးသတ်ဖြတ်ပြီး ရောင်းချတာတွေရှိ လုံးဝမပြုလုပ်ကြဖို့ကို အာရက္ခတပ်တော် (AA) ရဲ့ ခရိုင်အလိုက် အုပ်ရေးရေးဌာနတွေက သတိပေးဆိုင်းဘုတ်တွေ စိုက်ထူပြီး အမိန့်ထုတ်ထားပါတယ်။

အာရက္ခတပ်တော် ထိန်းချုပ်မြို့နယ်တွေမှာ ဆောင်းခိုငှက်တွေကို ဖမ်းဆီးသတ်ဖြတ်တာ၊ အသေဖြစ်စေ အရှင်ဖြစ်စေ ရောင်းချတာ၊ ချက်ပြုတ်စားသောက်တာနဲ့ စားသောက်ဆိုင်တွေမှာ ရောင်းချတာ၊ ဆောင်းခိုငှက်တွေရဲ့ အသိုက်အမြုံတွေကို ဖျက်ဆီးတာ နဲ့ ဖမ်းဆီးရာမှာ အသုံးပြုတဲ့ ပိုက်ကွန် နဲ့ လျှပ်စစ်ပစ္စည်းတွေ၊ ဆေးဝါးတွေကို လုံးဝအသုံးမပြုရဆိုပြီးတော့ ဒေသန္တရ လိုက်အမိန့်ထုတ်ပြန်လိုက်တာပါ။

အာရက္ခပြည်သူ တော်လှန်ရေးအစိုးရရဲ့ ထုတ်ပြန်ထားတဲ့ စည်းမျဉ်း၊ စည်းကမ်းတွေကို ဖောက်ဖျက်ပါက သက်ဆိုင်ရာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဥပဒေတွေနဲ့ အရေးယူသွားမယ်လို့လည်း သတိပေးဆိုင်းဘုတ်တွေမှာ ရေးသားထားပါတယ်။

အာရက္ခတပ်တော်က ဆောင်းခိုငှက်တွေကို သတ်ဖြတ်ဖမ်းဆီးတာနဲ့ ရောင်းချတာတွေ လုံးဝမလုပ်ကြဖို့ တားမြစ်တာဟာ ကောင်းမွန်တဲ့ လုပ်ရပ်တခုဖြစ်ပြီး ပြည်သူတွေအနေနဲ့လည်း မဖြစ်မနေ လိုက်နာကြဖို့ လိုအပ်တယ်လို့ မြောက်ဦးမြို့က သဘာဝပတ်ဝန်းကျင်အရေး ဆောင်ရွက်နေတဲ့ အမျိုးသမီးတယောက်က ပြောပါတယ်။

“ULA တာဝန်ရှိသူတွေက ဆောင်းခိုငှက်တွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ၊ ရောင်းချတာတွေ မလုပ်ရဆိုပြီး သတိပေးဆိုင်းဘုတ်တွေ စိုက်ထူပြီး တားမြစ်လာတာတွေ့တော့ တွေ့ရတယ်။ ဒီလုပ်ဆောင်ချက်က ကြိုဆိုကြရမှာပါ။ ကျမတော့ ရခိုင်ဘက်မှာဆိုရင် တနှစ်ထက်တနှစ် ဆောင်းခိုငှက်တွေကို မြင်ရတာ နည်းပါးလာတယ်။ အချို့ငှက်မျိုးစစ်တွေဆို တွေ့တောင်မတွေရတော့ဘူး။ အာဏာပိုင်တွေဘက်လည်း ဖမ်းဆီး ရောင်းချတာတွေကို လိုက်လံစောင့်ကြည့်ပေးဖို့သလို ပြည်သူတွေအနေနဲ့လည်း လိုက်နာပေးကြဖို့ လိုအပ်ပါတယ်” လို့ ပြောပါတယ်။

ဆောင်းခိုငှက်တွေကို ရခိုင်က ကျေးလက်ဒေသတွေမှာ ပိုမိုဖမ်းဆီးတာတွေကို မြင်တွေ့ရပြီး မြို့ပေါ်ဈေးတွေနဲ့ စားသောက်ဆိုင်တွေမှာ ရောင်းချတာတွေကို အများဆုံး တွေ့မြင်နေရတာဖြစ်ပါတယ်။

ရခိုင်ပြည်နယ် ရသေ့တောင်၊ စစ်တွေ၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မြေပုံ၊ ရမ်းဗြဲနဲ့ ဂွမြို့နယ်တို့မှာ အများဆုံးမြင်တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရခိုင်မှာ အာရက္ခတပ်တော်က ထိန်းချုပ်ထားပြီးနောက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်တာတွေကို မြင်တွေလာရတယ်လို့ သဘာဝပတ်ဝန်းကျင်အရေးဆောင်ရွက်နေသူတွေက ပြောကြပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013