
ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ (DRC) အရှေ့ပိုင်း အူဝီရာ မြို့အနီးမှာ ကွန်ဂိုစစ်တပ်က M23 သူပုန်တွေနဲ့ တိုက်ခိုက်နေတာကြောင့် ဒီဇင်ဘာ ၃၀ ရက်မှာ အနီးနားကျေးရွာတွေကနေ ရာနဲ့ချီတဲ့ စစ်ဘေးရှောင် အရပ်သားပြည်သူတွေဟာ ပိုင်ဆိုင်မှုပစ္စည်းတွေနဲ့ မွေးမြူရေး တိရစ္ဆာန်တွေကို သယ်ဆောင်ကာ အမှတ် ၅ အမျိုးသားလမ်းမကြီးတလျှောက် ထွက်ပြေးခဲ့ကြရပါတယ်။
နိုင်ငံအရှေ့ပိုင်းမှာ လှုပ်ရှားနေတဲ့ တွတ်စီလူမျိုးတွေ ဦးဆောင်ကြတဲ့ M23 သူပုန်အဖွဲ့ဟာ နိုင်ငံအရှေ့ပိုင်းမြို့ကနေ ဆုန်ခွာမယ်လို့ ကြေညာခဲ့ပေမဲ့ ကွန်ဂိုစစ်တပ်နဲ့ M23 သူပုန်အဖွဲ့တွေ အကြား တိုက်ပွဲတွေ ဆက်ဖြစ်ပွားနေတာဖြစ်ပါတယ်။
ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံရဲ့ လက်နက်ကိုင်စစ်တပ် (FARDC) ဟာ အူဝီရာမြို့မှ ၉ မိုင် အကွာရှိ M23 တိုက်ခိုက်ရေးသမားတွေနဲ့ ပြင်းထန်တဲ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီးနောက်မှာ ကီဂွန်ဂို၊ ကာတွန်ဂိုနဲ့ လူအန်ဂါ ဒေသတွေကို သိမ်းပိုက်နိုင်ခဲ့ကြောင်း ပြောပါတယ်။
ကီဂွန်ဂို၊ ကာတွန်ဂိုနဲ့ လူအန်ဂါ တို့မှ မိသားစုတွေဟာ အူဝီရာ မြို့ကို တဖွဲဖွဲ ဝင်ရောက်လာကြတာကြောင့် ကွန်ဂိုအရှေ့ပိုင်းမှာ ပိုမိုဆိုးရွားလာတဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်း ပေါ်ပေါက်လာခဲ့ပါတယ်။
မကြာသေးတဲ့ နှစ်တွေအတွင်း M23 သူပုန်တွေဟာ နယ်မြေအများအပြားကို သိမ်းပိုက်ခဲ့တာကြောင့် လူထောင်ပေါင်းများစွာ သူတို့ရဲ့နေအိမ်တွေကို စွန့်ခွာထွက်ပြေးခဲ့ကြရပါတယ်။
အစိုးရတပ်ဖွဲ့တွေက စစ်ရေးအရ အကျိုးအမြတ် ရရှိနေပေမဲ့ အရပ်သားတွေကတော့ အနီးတဝိုက်မှာ မလုံခြုံမှုတွေ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် အူဝီရာမြို့ကို ဆက်လက် ဝင်ရောက်လာနေကြပါတယ်။
Source: Reuters


