
M23 သူပုန်တွေ သိမ်းယူထားတဲ့ ကွန်ဂိုရှိ ဂိုမာမြို့မှာ စားသောက်ကုန်တွေ ၂ ဆကျော် မြင့်တက်နေပါတယ်။
ပြီးခဲ့တဲ့အပတ်က M23 သူပုန်တွေ ဂိုမာကို သိမ်းထားတာဖြစ်ပြီး ဒီလို ဈေးတွေတက်နေတဲ့ အကြောင်း ဒေသခံတွေနဲ့ NGO တွေက ပြောပါတယ်။
ဈေးကြီးမှုနဲ့ ရွှေ့ပြောင်းရမှု ပိုမိုဆိုးရွားလာတာ အပါအဝင် လူအများစုက အခြေခံစားသောက်ကုန်ကို လက်လှမ်းမမီခြင်း၊ မြို့ထဲမှာရှိတဲ့ လူပေါင်းများစွာဟာ ငတ်မွတ်မယ့်အရေးကို ရောက်နေတယ်လို့လည်း ဆင်းရဲမှုတိုက်ဖျက်ရေးအဖွဲ့ NGO ActionAid က ပြောပါတယ်။
ဂိုမာရှိ ဈေး ၃ ခုရဲ့ အချက်အလက်တွေအရ အခြေခံစားသောက်ကုန်တွေဟာ ဇန်နဝါရီ ၂၅ ရက် ကနေ ၃၁ ရက်အတွင်း ၁၈ ရာခိုင်နှုန်းကနေ ၁၆၀ ရာခိုင်နှုန်းအထိ တိုးတက်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီအချိန်က M23 အဖွဲ့တွေ ဂိုမာကို ဝင်ရောက်ခဲ့တဲ့အချိန်ဖြစ်ပြီး သူတို့ထိန်းချုပ်ထားကြောင်း ကြေညာခဲ့ပါတယ်။
လျှပ်စစ်မီး၊ ရေ၊ အင်တာနက်နဲ့ စီးပွားရေးလုပ်ငန်းတွေ ပိတ်ဆို့ထားခဲ့ပြီး တပတ်ကျော်မှာ ပြန်ပြီး ရရှိခဲ့ပါတယ်။
ဒါပေမဲ့ M23 သူပုန်အဖွဲ့တွေ သိမ်းပိုက်ချိန်ကစပြီး ဈေးနှုန်း ၂ ဆ ၃ ဆအထိ မြင့်တက်ခဲ့တာ ဖြစ်ပါတယ်။
နောက်ဆက်တွဲသတင်းတွေအရ ယူဂန်ဒါနိုင်ငံဟာ စစ်သား ၁,၀၀၀ ကျော်ကို ကွန်ဂိုအရှေ့ပိုင်းမှာ ပြီးခဲ့တဲ့အပတ်က တပ်ဖြန့်ထားခဲ့ ပါတယ်။
တပ်ဖြန့်တဲ့နေရာက M23 သူပုန်တွေနဲ့ အစိုးရအဖွဲ့တွေ တိုက်ပွဲဖြစ်တဲ့ နေရာနားမှာလို့ ကုလ ဝန်ထမ်းတွေက ပြောပါတယ်။
ဒီနေရာမှာ စိုးရိမ်မှုတွေ မြင့်တက်လာလို့ ဒေသခံတွေ ဘေးလွတ်ရာကို ပြောင်းရွှေ့နေကြပါတယ်။
Source : Reuters