Home
နိုင်ငံတကာ
ကွန်ဂိုတိုက်ပွဲအတွင်း လူ ၇၀၀ ကျော်သေဆုံးပြီး ၂,၈၀၀ ကျော်ဒဏ်ရာရ
DVB
·
February 3, 2025
Photo : Reuters

ကွန်ဂိုနိုင်ငံအရှေ့ပိုင်းမှာ မကြာသေးမီက ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် လူရာချီ သေဆုံးပြီး ထောင်ချီ ဒဏ်ရာရခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန် ပါတယ်။

ဒီမတိုင်ခင် M23 သူပုန်အဖွဲ့ကို ကျောထောက်နောက်ခံပေးတဲ့ နိုင်ငံရေးညွန့်ပေါင်းအဖွဲ့ အကြီးအကဲ ခိုနဲလ်နန့်ဂါက သူပုန်တွေဟာ စစ်သွေးကြွတွေ မဟုတ်ဘူးလို့ ဇန်နဝါရီ ၃၁ ရက်မှာ ကာကွယ်ပြောဆိုခဲ့ပါတယ်။

M23 ထိန်းချုပ်နယ်မြေတွေထဲက သတ္တုတူးဖော်ရေးမှာ ရဝမ်ဒါနိုင်ငံက ပါဝင်ပတ်သက်နေတယ်ဆိုတဲ့ စွဲချက်ကိုလည်း ငြင်းဆိုထားပါတယ်။

“ရဝမ်ဒါတယောက်မှကို မတွေ့ဖူးပါဘူး” လို့ သူကပြောသလို “ကွန်ဂိုတယောက်အတွက်၊ အကောင်းဆုံးစစ်သားတွေက ရဝမ်ဒါတွေ... အလှပဆုံး အမျိုးသမီးတွေက အမြဲတမ်း ရဝမ်ဒါပဲ” လို့ ထေ့ငေါ့ပြောရင်း ရဝမ်ဒါကို အာရုံစိုက်တာကို ဝေဖန်ခဲ့ပါတယ်။

ဇန်နဝါရီ ၃၀ ရက်အထိ ဂိုမာမြို့နဲ့ အနီးတဝိုက်က ဆေးရုံအဆောင်တွေမှာ ရုပ်အလောင်း ၇၇၃ လောင်းရှိပြီး ၅ ရက်အတွင်း ဒဏ်ရာရရှိသူ အယောက် ၂,၈၈၀ ရှိတယ်လို့ ကွန်ဂိုကျန်းမာရေး ၀န်ကြီးဌာနက ပြောပါတယ်။

M23 သူပုန်တွေဟာ ဘူခါဗူမြို့ဘက်ကို မချီတက်မီ အင်္ဂါနေ့က ဂိုမာမြို့ကို သိမ်းပိုက်ခဲ့တာပါ။

ဘူရွန်ဒီစစ်တပ်က ကျောထောက်နောက်ခံပြုထားတဲ့ ကွန်ဂိုတပ်တွေကို တွန်းလှန်တာကြောင့် သူတို့ရဲ့တိုးတက်မှုတွေဟာ ဇန်နဝါရီ ၃၁ ရက်မှာ ရပ်တန့်သွားပါတယ်။

ဆေးဝါးအထောက်အပံ့တွေ ပြတ်တောက်သွားပြီး တချို့နေရာတွေမှာ လုပ်ငန်းတွေ ရပ်ဆိုင်းထားရလို့ လည်ပတ်ဖို့ ရုန်းကန်နေရတယ်လို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းတွေက အစီရင်ခံ တင်ပြခဲ့ပါတယ်။

ပဋိပက္ခကြောင့် M23 ကို မထောက်ခံဘူးလို့ ပြောဆို ငြင်းခုန်ထားတဲ့ ရဝမ်ဒါအပေါ် နိုင်ငံတကာက ဝေဖန်ခဲ့ပါတယ်။

သတ္တုတွင်းထွက်ပစ္စည်းတွေကို လုယူဖို့ သူပုန်တွေကို ရဝမ်ဒါက အသုံးချနေတယ်လို့ ကွန်ဂိုအစိုးရက စွပ်စွဲထားပြီး စွဲချက်ကို ရဝမ်ဒါက ပယ်ချခဲ့ပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013