
ဒီနေ့မှာ စတင်ဖွင့်လှစ်လိုက်ပြီဖြစ်တဲ့ ရွှေစက်တော်ဘုရားအနီးမှာ တိုက်ပွဲတွေဖြစ်လာနိုင်လို့ စစ်တပ်နဲ့ ရဲတွေရဲ့ တမိုင်အကွာမှာ နေဖို့ မင်းဘူးခရိုင် အမှတ် ၆ တပ်ရင်းက သတိပေးပါတယ်။
ရွှေစက်တော်ဘုရားအနီးနားတဝိုက်မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်လာနိုင်တာကြောင့် ဘုရားရွာ၊ ကိုင်းမကြီး၊ ဥယျာဉ်ရွာ၊ လောက်ပုလဲရွာ၊ ပုဒေါင်းရွာနဲ့ သံပုရာကိုင်းကျေးရွာက ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်၊ ရဲစခန်းတွေနဲ့ အနည်းဆုံး ၁ မိုင်လောက်အဝေးမှာ နေထိုင်ကြဖို့ တပ်ရင်း ၆ ရဲ့ တာဝန်ရှိသူက DVB ကိုပြောပါတယ်။
“သတိပေးထားတဲ့ရွာတွေမှာက စစ်တပ် အထိုင်ချတပ်စွဲထားတာ။ ရွှေစက်တော်အနီးက ဘုရားရွာမှာတော့ ၁၀၀ ကျော်ကျော်လောက် တပ်စွဲထားတယ်။ အဲဒီနေရာတွေမှာ တိုက်ပွဲ အချိန်မရွေးဖြစ်နိုင်လို့ စစ်ရေး အသိ သတိရှိကြဖို့လိုပါတယ်။”
ဖေဖော်ဝါရီ ၁ ရက်နေ့ကလည်း မင်းဘူးမြို့နယ်၊ ရွှေစက်တော်ဘုရားအနီးက လက်ပံတောရွာ၊ လက်ပံတောရဲစခန်းရဲတွေဟာ အနီးအနားကျေးရွာတွေက လူငယ်တွေကို စစ်မှုထမ်းဖို့ ဖိအားပေး ခြိမ်းခြောက်တာ၊ အပြစ်မဲ့ပြည်သူတွေကို နည်းလမ်းမျိုးစုံသုံး အကျပ်ကိုင်ဖိနှိပ်နေတာ၊ စစ်ဘေးရှောင် ပြည်သူတွေအပေါ် နိုင်ထက်စီးနင်းလုပ်နေတာကြောင့် ရဲစခန်းကို မဟာမိတ်တပ်ပေါင်းစုက ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ပါသေးတယ်။
ဖေဖော်ဝါရီ ၁ ရက် မနက် ၄ နာရီအချိန်က စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒရုန်းနဲ့ ဗုံးသီး အလုံး ၂၀ ကျော် အသုံးပြုတိုက်ခိုက်ခဲ့တာကြောင့် ရဲစခန်းအတွင်းက ဘန်ကာတွေ၊ ကတုတ်ကျင်းတွေ၊ အဆောက်အဦတွေ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
အမှတ် ၆ တပ်ရင်းရဲ့ တာဝန်ရှိသူက “ကျနော်တို့ သွားတိုက်ခိုက်တော့ စစ်တပ်ဘက်က စက်တပ် လေထီး ၂ စီးနဲ့ လာပြန်ပစ်တယ်။ အထိအခိုက်တော့မရှိပါဘူး” လို့ ပြောပါတယ်။
ဇန်နဝါရီ ၇ ရက်နေ့ကတည်းက စစ်ကောင်စီတပ်တွေဟာ ရွှေစက်တော်ဘုရားအနီးက ကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်ပြီး နယ်မြေရှင်းလင်းတာတွေလုပ်နေလို့ မင်းဘူးမြို့နယ်အတွင်းက ပုသိမ်-မုံရွာလမ်း၊ လက်ပံတော-အိုင်းမ-ကိုင်းကြီးမ လမ်းပိုင်းတွေကို အသုံးမပြုဖို့ ကြိုတင် အသိပေးခဲ့ပါသေးတယ်။
ရွှေစက်တော်ဘုရားပွဲကို ဖေဖော်ဝါရီ ၂ ရက်နေ့ကနေ ဧပြီ ၁၇ ရက်နေ့အထိ ၇၅ ရက်ကြာ ကျင်းပသွားမှာ ဖြစ်ပါတယ်။