
ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်အစပ်က ကျေးရွာတွေမှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က လေကြောင်းနဲ့ပါ ပစ်ကူပေးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဇန်နဝါရီ ၂၈ ရက် ညနေက စတင်ပြီး ၃၀ ရက် မနက်အထိ အာရက္ခတပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့ဟာ ပုသိမ်မြို့နယ် မကျီးဇင်ရွာကနေ သာပေါင်းမြို့ကို လာရောက်နိုင်တဲ့ ရိုးမဖြတ်လမ်းက သစ်ဖြူကျေးရွာအုပ်စုနဲ့ ကျွန်းလျှားကြီး ကျေးရွာအုပ်စုတွေမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာလို့ သာပေါင်းဒေသခံတယောက်က ပြောပါတယ်။
AA တပ်တွေက ပုသိမ်နဲ့ သာပေါင်းအစပ်မှာရှိတဲ့ သဲဖြူကျေးရွာဘက်ကနေ သာပေါင်းမြို့နယ်ထဲကို ဝင်လာတာဖြစ်ပြီး စစ်ကောင်စီတပ်က လေကြောင်းကနေပါ ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားနေတဲ့ဘက်ကို ဇန်နဝါရီ ၂၉ ရက် မနက်ပိုင်းမှာ စစ်ကောင်စီတပ်က စစ်ကား ၅ စီးနဲ့ အင်အားအပြည့်တင်ကာ စစ်ကူပို့နေတယ်လို့ ဆိုပါတယ်။
တိုက်ပွဲတွေကြောင့် သစ်ဖြူကျေးရွာအုပ်စုနဲ့ ကျွန်းလျှားကြီး ကျေးရွာအုပ်စုက စာသင်ကျောင်း ၁၂ ကျောင်းကို ဇန်နဝါရီ ၃၀ ရက်က စတင်ပိတ်ထားပြီး ဒေသခံတွေလည်း စစ်ရှောင်နေကြတယ်လို့ သာပေါင်းဒေသခံတွေဆီက သိရပါတယ်။
သာပေါင်းမြို့နယ်က ပြည်သူတွေကို စစ်ရှောင်တာတွေ မပြုလုပ်ဖို့ မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌက ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို ညွှန်ကြားထားပြီး စစ်ရှောင်အိမ်တွေကို ချိပ်ပိတ်မယ်လို့ ခြိမ်းခြောက်မှုတွေရှိနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။
ရခိုင်ပြည်နယ်နဲ့ နယ်မြေချင်းထိစပ်နေတဲ့ ဧရာ၀တီ၊ ပဲခူးနဲ့ မကွေးတိုင်းက စစ်ကောင်စီ တပ်စခန်းတွေအထိ AA က ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့အတွက် နေ့စဉ် တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ AA က ဇန်နဝါရီ ၂၇ ရက်မှာ ထုတ်ပြန်ထားပါတယ်။
လင်းအိမ်