Home
မြန်မာသတင်း
မတ္တရာတွင် စစ်ကောင်စီတပ် အင်အားတိုးချ၊ စက်တပ်လေထီး ပစ်ချရန် PDF နည်းလမ်းရှာ
DVB
·
January 30, 2025

မန္တလေးတိုင်း၊ မတ္တရာနယ်ကို ထိုးစစ်ဆင်ဖို့ စစ်ကောင်စီတပ်က တပ်သားအင်အားတိုးမြင့်ချနေပြီး နေ့စဉ်လက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်နေသလို စက်တပ်လေထီးတွေနဲ့ ဗုံးကြဲတာတွေ များလာနေတဲ့အတွက် ပြန်လည်ပစ်ချဖို့ PDF တပ်ဖွဲ့တွေက နည်းလမ်းရှာနေကြပါတယ်။

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) တည်ရှိရာ မန္တလေးမြို့နဲ့ ကပ်ရက်တည်ရှိတဲ့မြို့နယ် ဖြစ်တာကြောင့် မတ္တရာနယ်ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ စစ်ကောင်စီက ကြိုးစားနေတာ ဖြစ်ပြီး ဇန်နဝါရီလဆန်းကတည်းက မတ္တရာနယ်ကို စစ်ကောင်စီတပ်က နည်းလမ်းစုံသုံးပြီး ဖိအားပေး တိုက်ခိုက်နေပါတယ်။ 

မတ္တရာမြို့နယ်နဲ့ စစ်ကိုင်း၊ မကွေး၊ ရှမ်းပြည်ဘက်ခြမ်း ဆက်စပ်နေရာတွေမှာ စစ်ကောင်စီက တပ်သားအင်အား တိုးချတာတွေ ပြုလုပ်နေတယ်လို့ ဒေသခံ မတ္တရာ PDF ခေါင်းဆောင်တယောက်ဖြစ်တဲ့ ဦးတိုးက ပြောပါတယ်။

“ထိုးစစ်ဆင်လာတာ ကြမ်းကြမ်းတမ်းတမ်း လုပ်လာတာက ၂၁ ရက်နေ့မှာ မတ္တရာအရှေ့ခြမ်း၊ အရှေ့တောင်ခြမ်း၊ ပုသိမ်ကြီးမြောက်ခြမ်းဖြစ်တယ်၊ ၃ နေရာ။ ၂၆ ရက်နေ့မှာ အနောက်မြောက်ခြမ်း ဥဒိန်၊ ထိန်ပင်စောက်ပေါ့။ အခု စကစဘက်က စစ်ရေးပြင်ဆင်မှုရှိတယ်။ ခန့်မှန်းခြေ ဥဒိန်ဘက်မှာက အင်အား ၇၀ လောက်ရှိပြီးတော့ တုံကုန်း-ယမ်းကုန်းဘက်ကိုတော့ မနေ့က ၇၀ လောက် ထပ်ဝင်သွားတဲ့သဘော။ ပြီးတော့ ပုသိမ်ကြီးမြို့နယ်အစပ်၊ မတ္တရာအရှေ့တောင်ခြမ်းအစပ်ပေါ့၊ သရက်ကိုင်း-မြကန်သာ အဲဒီဘက်မှာလည်း အရှေ့က လူဟောင်းတွေ တပ်လဲတဲ့သဘောပေါ့၊ လူဟောင်းတွေကို ခေါ်ထုတ်သွားတယ်၊ အနောက်က အင်အား ၁၅၀ လောက် ထပ်ဖြည့်ထားတာရှိတယ်။ စစ်ရေးပြင်ဆင်မှု အခြေအနေက စကစဘက်ကတော့ အဲဒီလိုရှိတယ်။ မတ္တရာအနောက်တောင်ခြမ်း နန်းတော်ကျွန်း၊ ပုသိမ်ကြီးမြို့နယ်ရဲ့ အစပ်၊ အဲဒီချုပ်စပ်မှာ နန်းတော်ကျွန်းဘက်ကို ၂၇-၂၈ ရက်နေ့တွေမှာ စကစက လက်နက်ကြီးအင်အား ဖြည့်တာရှိတယ်။ အဲဒီဘက်မှာလည်း အင်အား ၂၀ လောက်ဖြည့်တယ်။ အဲဒီမှာ လက်နက်ကြီးထိုင်ထားတာရှိတယ်။ အဲဒီလက်နက်ကြီးနဲ့ အနောက်ဘက်ကမ်းမှာရှိတဲ့ မင်းကွန်း-မြသိန်းတန်ဘက်ကို ချိန်ထားတာရှိတယ်။ ညဘက်ဆို ဆလိုက်မီးတွေဘာတွေ ပေးတာရှိတယ်ပေါ့။”

၂၀၂၄ ခုနှစ် ၁၀၂၇ ဒုတိယလှိုင်း နောက်ပိုင်းမှာ ဒေသခံ PDF တွေက အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ) တည်ရှိရာ မန္တလေးမြို့ကို ဖိအားပေးဖို့ စစ်မျက်နှာ ၆ ခုအထိ ဖွင့်ထားခဲ့တာပါ။ ၂၀၂၄ စက်တင်ဘာလမှာ မြောက်ပိုင်းမဟာမိတ်တွေရဲ့ ထိုးစစ်ဆင်မှုတွေ အားလျော့သွားပြီးတဲ့နောက် စစ်ကောင်စီက ပြန်လည်ဖိအားပေး တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

မတ္တရာ PDF ခေါင်းဆောင် ဦးတိုးက “စစ်မျက်နှာအနေနဲ့ ပြောမယ်ဆိုရင် စစ်ကိုင်းဘက်မျက်နှာစာ၊ မတ္တရာဘက်မျက်နှာစာ၊ ပြင်ဦးလွင်မြောက်ဘက် သရက်ကုန်း-သံဘို မျက်နှာစာ ရှိသေးတယ်။ နောက် အုန်းမသီး-အုန်းမခါးဘက် တခြမ်းရှိသေးတယ်။ တောင်ခမ်းမျက်နှာစာကတော့ နည်းနည်းဝေးပါတယ်။ နွားထိုးကြီးမျက်နှာစာရှိသေးတယ်၊ မြင်းခြံမျက်နှာစာ။ သူတို့ကာနေတာ ပြီးခဲ့တဲ့နှစ်ကတည်းက ကာနေတာ၊ အခုလက်ရှိလည်း ကာနေဆဲပဲ။ စဉ့်ကူး-သပိတ်ကျင်းကတော့ ငြိမ်တယ်။ ဒီမတ္တရာဘက်ကပဲ လှုပ်နေတာ” လို့ ပြောပါတယ်။

မန္တလေးဒေသတွင်းမှာ စစ်ကောင်စီက လေယာဉ်နဲ့ ဒရုန်းသုံးပြီး ဗုံးကြဲတိုက်ခိုက်တာအပြင် စက်တပ်လေထီးတွေ အသုံးပြုပြီး တိုက်ခိုက်တာတွေလည်း ရှိလာတာပါ။ စက်တပ်လေထီးတွေရဲ့ ရန်ကို တုံ့ပြန်ဖို့ နည်းလမ်းရှာနေပြီး ပစ်ချနိုင်ဖို့ ကြိုးစားနေတယ်လို့ မြင်းခြံ PDF ခေါင်းဆောင်တယောက်က ပြောပါတယ်။

မြင်းခြံခရိုင် တပ်ရင်း-၉ က ဗိုလ်ဇီးရိုးက “အခုလတ်တလောကတော့ မြေပြင်စစ်ကြောင်းကတော့ တော်တော်အားနည်းနေတယ် သူတို့။ လတ်တလောမှာ သူတို့ပိုပြီးတော့ အားဖြည့်လာတာ ပရာမော်တာတွေ၊ စက်တပ်လေထီးတွေပေါ့ ဒီစနစ်ကို သူတို့ အဓိကသုံးလာတာ တွေ့ရတယ်။ အဲဒါနဲ့ လေယာဉ်ကြဲတာတွေကတော့ အဓိကပေါ့၊ လက်လှမ်းမီတဲ့နေရာတွေကိုတော့ ဟောင်ဝစ်ဇာနဲ့ပစ်တာ၊ ၁၂၀ နဲ့ ပစ်တာမျိုးတွေ အဆက်မပြတ် လုပ်ဆောင်နေပါတယ်။ ပရာမော်တာကိစ္စကို လေ့လာနေတယ်၊ ပရာမော်တာမှာ တင်နိုင်စွမ်းအား ဘယ်လောက်ရှိလဲ၊ ၈၁ ဆို ဘယ်နှလုံးတင်နိုင်မယ်၊ ပေါင် ၁၀၀ ဆို ဘယ်နှလုံးတင်နိုင်မယ် ဒီလိုကိစ္စတွေ လေ့လာနေတယ်။ သူ့ရဲ့ ပျံသန်းမှုအမြင့်ပမာဏ ဘယ်လောက်ရှိမလဲ၊ ဘယ်လိုလက်နက်နဲ့ ပစ်လို့ရမယ် ဆိုတာတော့ လေ့လာနေတယ်ပေါ့ဗျာ။ စနိုက်ဘာနဲ့ပစ်လို့ မီမယ်ဆိုရင် စနိုက်ဘာနဲ့ ပစ်ရမှာပေါ့ဗျာ။ ဒါမျိုးလေးတွေပေါ့” လို့ ပြောပါတယ်။

၂၀၂၄ ခုနှစ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ရဲ့ ထုတ်ပြန်ချက်တွေအရ တော်လှန်ရေးအင်အားစုတွေက သပိတ်ကျင်းမြို့နယ်မှာ စစ်ကောင်စီတပ်စခန်း ၈ ခု၊ မတ္တရာမြို့နယ်မှာ တပ်စခန်း ၃၅ ခု၊ စဉ့်ကူးမြို့နယ်မှာ စဉ့်ကူးမြို့ အပါအဝင် တပ်စခန်းအားလုံးကို သိမ်းယူခဲ့တာပါ။

မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး၊ ဒုတိယလှိုင်းအလွန်မှာ မိုးမိတ်၊ မိုးကုတ်၊ စဉ့်ကူး၊ နောင်ချို မြို့တွေကို တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက သိမ်းယူထားတာလည်း ဖြစ်ပါတယ်။

သုတချမ်းသာ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013