ဧရာဝတီတိုင်း၊ ရွှေသောင်ယံ၊ ချောင်းသာနဲ့ ငွေဆောင်မြို့တွေက ပိတ်ထားတဲ့ ဟိုတယ်တွေ ပြန်ဖွင့်ဖို့နဲ့ ဟိုတယ်တွေ၊ ဈေးဆိုင်တွေ ပိတ်ပြီး စစ်ဘေးမရှောင်ဖို့ စစ်ကောင်စီတပ်နဲ့ ပူးပေါင်းအဖွဲ့တွေက လိုက်လံသတိပေး ခြိမ်းခြောက်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ချောင်းသာကမ်းခြေနဲ့ အနီးဆုံးဖြစ်တဲ့ ဘောမိကျေးရွာမှာ အခု ဇန်နဝါရီ ၁၈ ရက်က အာရက္ခတပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် ကမ်းခြေတွေဘက် တိုက်ပွဲဆက်ဖြစ်လာမှာ စိုးရိမ်တဲ့ ဒေသခံအများစုက အလုပ်တွေရပ်၊ ဟိုတယ် မိုတယ်၊ တည်းခိုရိပ်သာတွေပိတ်၊ ဆိုင်တွေပိတ်ကာ စစ်ဘေးရှောင်ခဲ့ကြတာလို့ သိရပါတယ်။
ဟိုတယ်လုပ်ငန်းရှင်တယောက်က “ရဲတွေ၊ စစ်သားတွေ၊ အုပ်ချုပ်ရေးမှူးတွေက လာပြောတာ။ ချောင်းသာနဲ့ ငွေဆောင်မှာ ဘာစစ်မှ ဖြစ်စရာမရှိဘူးပေါ့၊ တည်ခိုခန်းကို ပြန်ဖွင့်ရမယ်၊ ဟိုတယ်တွေလည်း ဖွင့်ရမယ်လို့ ပြောတာ။ ကိုယ့်အလုပ် ကိုယ်လုပ်ကြ၊ မဖွင့်ရင် အရေးယူမယ်လို့ ခြိမ်းခြောက်တာ” လို့ ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ဘောမိကျေးရွာနဲ့ အနီးဆုံးမှာရှိတဲ့ ချောင်းသာ၊ ငွေဆောင်၊ ရွှေသောင်ယံ၊ ကျောက်မောင်နှမ စတဲ့ ကမ်းခြေတွေမှာ ဇန်နဝါရီ ၁၆ ရက်ကနေ ၂၇ ရက်အထိ ကမ်းခြေလာ အပန်းဖြေတဲ့ ခရီးသွားဧည့်သည် မရှိသလောက် ဖြစ်နေတယ်လို့ ဒေသခံ လုပ်ငန်းရှင်တွေဆီက သိရပါတယ်။
အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူက “စစ်ပွဲဖြစ်လာမှာ စိုးရိမ်တာကြောင့် ချောင်းသာနဲ့ ငွေဆောင် အပါအဝင် ဟိုတယ်နဲ့ တည်းခိုရိပ်သာ လုပ်ငန်းရှင်တွေ၊ စားသောက်ဆိုင်လုပ်ငန်းရှင်တွေနဲ့ အခြား ကမ်းခြေနဲ့ ဆက်စပ်တဲ့ လုပ်ငန်းရှင်တွေက အစောင့်တယောက် နှစ်ယောက် လောက်သာထားပြီး စစ်ဘေးရှောင်ခဲ့ကြတာ။ မသေမချင်း အလုပ်က လုပ်ရမှာလေ။ အခု အာဏာပိုင်တွေက စစ်ပွဲမရှိကြောင်း ပြချင်လို့ ဖိအားပေးပြီး စည်ကားအောင် လုပ်ခိုင်းနေတာ” လို့ ပြောပါတယ်။
လက်ရှိ ချောင်းသာ၊ ငွေဆောင်မှာ ဟိုတယ်နဲ့ စားသောက်ဆိုင်တွေ ပြန်ဖွင့်တာတွေရှိပြီး ရွှေသောင်ယံဘက်မှာ တချို့ဈေးဆိုင်၊ စားသောက်ဆိုင်နဲ့ တည်းခိုရိပ်သာတွေ ပိတ်ထားဆဲလို့ ဒေသခံတွေဆီက သိရပါတယ်။
ဒါ့အပြင် လတ်တလောအနေနဲ့ ကမ်းခြေတွေရဲ့အနီးမှာ တိုက်ပွဲဖြစ်ပွားတာ မရှိဘဲ ဇန်နဝါရီ ၁၇ ရက်က တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ဘောမိကျေးရွာအနီး ချောင်းဖျားနဲ့ တပင်မော်ဘက်မှာ လက်နက်ကြီးနဲ့ ပစ်ခတ်နေတဲ့အသံ ကြားနေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။