Home
မြန်မာသတင်း
ချောင်းသာတွင် ဒေသခံများစစ်ရှောင်နေရပြီး ကမ်းခြေ ဟိုတယ်အများစုပိတ်ထား
DVB
·
January 24, 2025

ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ချောင်းသာကမ်းခြေတည်ရှိတဲ့ ချောင်းသာမြို့နဲ့ အနီးအနားက ရွာတွေမှာ စစ်ရိပ်သမ်းလာတဲ့အတွက် ဒေသခံအများစုကစစ်ရှောင်နေကြပြီး ကမ်းခြေက ဟိုတယ်တွေလည်း ပိတ်ထားရတယ်လို့ ဒေသခံတွေ ပြောပါတယ်၊။

ဇန်နဝါရီ ၂၃ ရက်အထိကို ကမ်းခြေက ဟိုတယ်အကုန်လုံးနီးပါး ပိတ်ထားရကြောင်းနဲ့ ချောင်းသာကမ်းခြေနဲ့ အနီးအနားကျေးရွာဒေသခံတွေက ရန်ကုန်နဲ့ ပုသိမ်မြို့တွေကို ရှောင်တိမ်းနေကြပြီလို့ ချောင်းသာမြို့ ဒေသခံက DVB ကိုပြောပါတယ်။

“အခု ဟိုတယ်တွေက ပိတ်ထားတာ တပတ်လောက်ရှိပြီ ပထမကတည်းက သူတို့ပိတ်ဖို့လုပ်နေတာ၊ ပိတ်ပြန်တော့ ဘယ်လိုတွေရှိမှန်းမသိတော့၊ အခုဟိုးတနေ့က ကျနော်သွားတော့ဟိုတယ်တွေပစ္စည်းတွေ ဝိုင်းတင် ပေးခဲ့ရတယ်။ မီးစက်တွေတောင် အကုန်ရွှေ့ကြတာ။ ပိတ်သွားတာ လုံးဝကို ပိတ်သွားပြီ။ KTV တွေကအစ၊ အရင်က KTV တွေဖွင့်သေးတယ်၊ အခုတော့ အကုန်ပိတ်ကုန်တာ။ ကျန်ခဲ့တာကတော့ အဓိက ပိုက်ဆံမရှိတဲ့သူပဲ ကျန်တာပေါ့ဗျာ၊ ပုသိမ်နဲ့ ရန်ကုန်ကိုရွှေ့ကြတာပေါ့။ ရန်ကုန်တက်တဲ့သူလည်းရှိတယ်၊ ငသိုင်းချောင်းသွားတဲ့သူလည်းရှိတယ်၊ ဒီနားလောက်ပဲသွားတဲ့သူလည်းရှိတယ်။ ပိုက်ဆံ မတတ်နိုင်ကြလို့ထင်တာပဲ။”

လတ်တလောမှာတော့ ချောင်းသာကမ်းခြေနဲ့ တဆက်တည်းရှိတဲ့ ရွှေသောင်ယံကမ်းခြေအနားက ကျေးရွာတွေကို စစ်ကောင်စီက လေကြောင်းကနေဗုံးကြဲတိုက်ခိုက်တာကြောင့် ရွာက နေအိမ်တွေ မီးလောင်ပျက်စီးကုန်ပြီလို့ ဒေသခံတွေရဲ့ ပြောပြချက်အရသိရပါတယ်။

ချောင်းသာကမ်းခြေအနားက ရွာတွေဆီမှာ စစ်ရှောင်နေရတဲ့ ရခိုင်စစ်ရှောင်တွေ အနေနဲ့ကလည်း ရခိုင်ပြည်နယ်ကလာတဲ့ ၁၁ မျဉ်းစောင်း မှတ်ပုံတင် ကိုင်ဆောင်ထား သူတွေကို ကန့်သတ်ဖမ်းဆီးတာတွေရှိနေတဲ့အတွက် တနေရာနဲ့ တနေရာကို စစ်ရှောင်ဖို့ အခက်အခဲတွေ ကြုံနေကြရပါတယ်။

ဂွမြို့နယ်က ရခိုင်စစ်ရှောင်တယောက်က “လူတွေက အနောက်လမ်းမှာရော အရှေ့လမ်းမှာရော မရှိကြတော့ဘူး။ တော်တော်များများပြေးကုန်ကြပြီ။ ကျနော်တို့ဆီကလာတဲ့ ၁၁ မျဉ်းစောင်းတွေလည်း အကုန်ထွက်သွားကြပြီ မရှိတော့ဘူး။ ကျနော်တို့လည်းရွှေ့မလို့၊ အခုနောက်ပိုင်းက ၁၁ မျဉ်းစောင်းတွေဆို ရွာတွေကလက်မခံကြတော့ဘူး၊ ရွာတွေက လုံးဝလက်မခံတာလည်းရှိတယ်၊ လက်ခံတဲ့ ရွာလည်းရှိတယ်။ အခုကျနော်တို့သွားမယ့် နေရာကတော့ ရွာခံတွေနဲ့က အစကတည်းက ရင်းနှီးသိကျွမ်းထားတော့ အဆင်ပြေတယ်။ လာနေပေါ့ဆိုလို့ သွားနေမလို့။ မနက်ဖန်ပြောင်းဖြစ်တယ်။ လမ်းစရိတ်ကလည်း မရှိ ဟိုက ပါလာတာလည်း ဒီမှာကုန်သွားတယ်လေ။ အလုပ်က အစက လုပ်ရသေးတယ်။ အခု မလုပ်ရတော့ကုန်သွားရော၊ ကုန်သွားတော့ အခု လမ်းစရိတ်က ဆိုင်ကယ်ရောင်းတာ ၃ သိန်းရတယ် အဲဒီ ၃ သိန်းနဲ့ ပြောင်းမလို့”လို့ ပြောပါတယ်။

အာရက္ခတပ်တော်(AA) က ဧရာဝတီတိုင်းထဲကို ထိုးစစ်တွေ စတင်နေပြီဖြစ်သလို စစ်ကောင်စီ ဘက်ကလည်း ဧရာဝတီတိုင်းထဲကို AA တပ်တွေ ရောက်ရှိမလာဖို့ အပြင်းအထန် ခံစစ်ပြင်ဆင်နေတာဖြစ်ပါတယ်။

ပုသိမ်ခရိုင်ထဲက ရွှေသောင်ယံကမ်းခြေနဲ့ မိုင် ၃၀ လောက်အကွာ ဘောမိကျေးရွာကို ဇန်နဝါရီ ၂၁ ရက်ကတည်းက အာရက္ခတပ်တော်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက စိုးမိုးထိန်းချုပ်ထားပြီး နောက်မှာတော့ အဲဒီဒေသတဝိုက်နဲ့အနီးအနားကျေးရွာမှာ တိုက်ပွဲတွေပြင်းထန်နေပါတယ်။

ဝေဝေ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013