Home
မြန်မာသတင်း
ချောင်းသာနှင့် ရွှေသောင်ယံကို တင်ပို့မည့် ကုန်ကားများ ဖမ်းဆီးခံရ 
DVB
·
January 23, 2025
Photo- BB

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်က ရွှေသောင်ယံနဲ့ ချောင်းသာကိုသွားမယ့် ကုန်တင်ကား ၃ စီးကို စစ်ကောင်စီတပ်နဲ့ ရဲတွေက မနေ့ ဇန်နဝါရီ ၂၂ ရက် ညနေက ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။ 

အဖမ်းခံရတဲ့ ကုန်တင်ကားတွေဟာ ရန်ကုန်ဘက်ကနေ စားသောက်ကုန်ပစ္စည်း တင်လာတဲ့ ကုန်ကားတွေဖြစ်ပြီး ပုသိမ်-ချောင်းသာကားလမ်းပေါ်မှာ စစ်ကောင်စီတပ်နဲ့ ရဲတွေက ဆက်သွားခွင့်မပေးနိုင်ဘူးလို့ ပြောဆိုကာ ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။

အဖမ်းခံရသူတွေနဲ့ နီးစပ်သူတယောက်က “မောင်းလာရင်း လမ်းဆုံအရောက်မှာ အဖမ်းခံရတာလို့ သိရတယ်။ မနေ့က အဖမ်းခံရတာပါ။ ကား ၃ စီးလုံးက ကားကုန်ခြောက်တွေပဲ တင်လာတဲ့ ကားတွေပါ။ ဘယ်အသင်းအဖွဲ့အတွက်မှ ရိက္ခာသယ်လာတာ မဟုတ်ပါဘူး” လို့  ပြောပါတယ်။

အဲဒီကုန်တင်ကား ၃ စီးကို စစ်ကောင်စီတပ်နဲ့ ရဲတွေက အာရက္ခတပ်တော် (AA) ဆီ ပို့မယ့် ရိက္ခာတင်ကုန်ကားဆိုပြီး စွပ်စွဲဖမ်းဆီးခဲ့တာလို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

စစ်ကောင်စီ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူ တယောက်က “ပုံမှန်ကုန်စည်ကူးသန်းနေတဲ့ ကုန်ကားတွေပါ။ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေ အပါအဝင် လူ ၇ ယောက်ကိုပါ ဖမ်းထားတယ်။ ချောင်းသာက ၂ ယောက်နဲ့ ရန်ကုန်က ၅ ယောက်လို့ သိရတယ်။ ဘယ်မှာ ဖမ်းထားတယ်ဆိုတာတော့ မသိသေးဘူး။ အဲဒီ အဖမ်းခံရတဲ့ ကုန်ကားတွေထဲမှာ ဆန်၊ ဆား၊ စားသုံးဆီ၊ စက်သုံးဆီ၊ ဆေးဝါး၊ အဝတ်အထည်တွေနဲ့ ဆပ်ပြာတွေပဲ ပါဝင်ပြီး တရားမဝင်ကုန်ပစ္စည်းတွေ မတွေ့ရှိရဘူး” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇူလိုင် ပထမအပတ်ထဲမှာလည်း ရခိုင်ပြည်နယ်ကို တင်ပို့မယ့် ကျပ်သိန်းပေါင်း ၆၀,၀၀၀ ခန့် တန်ဖိုးရှိ စားသောက်ကုန်စည်တွေ သယ်လာတဲ့ စက်လှေတစင်းကို ဧရာဝတီတိုင်း၊ ချောင်းသာကမ်းခြေအနီးမှာ စစ်ကောင်စီက ဖမ်းဆီးခဲ့သေးတယ်လို့ သိရပါတယ်။ 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013